စာဖတ်သူ သင့်အတွက် တစ်စုံတစ်ခု အကျိုးရှိသွားတယ်ဆိုရင် ရေးသားရကျိုးနပ်ပါပြီ။
dr.agaglay@gmail.com

13 July 2011

မိုးရာသီဧည့်သည်


အိမ်ခေါင်မိုးပေါ်ကို တဖြောက်ဖြောက် ရိုက်ခတ်နေသည့်မိုးသံကြောင့် မှေးခနဲ ဖြစ်နေရာမှ ကျွန်တော်

ဆတ်ခနဲ နိုးထလာမိသည်။ ပြတင်းတံခါးပေါက်မှတဆင့် အပြင်ကို မျှော်ကြည့်မိတော့

မိုးတွေလေတွေက တ၀ုန်းဝုန်း။ ရှစ်ခွင်တိုင်း အုံ့ဆိုင်းပြီး မှုံ့မှိုင်းနေချေပြီ။ သြော်.. အနောက်တောင်

မုတ်သုံလေတောင် ၀င်လာခဲ့ပြန်ပြီတကား။


အိမ်ရှေ့က လူသွားလမ်းမှာတော့ အိမ်ပေါင်းစုံ နေရာပေါင်းစုံက အသွယ်သွယ်စုပေါင်းဖြစ်ပေါ်လာသော ချောင်းရေတွေက တဝေါဝေါ စီးလို့ နေပြီ။ ခပ်နောက်နောက် ဖြစ်နေသည့်

ဒီချောင်းရေထဲတွင် ရပ်ကွက်ထဲက ကလေးတွေက မြူးတူးပျော်ပါးစွာ ပြေးလွှား ဆော့ကစားလို့။

လျှက်စီးတွေ တ၀င်းဝင်း၊ မိုးခြိမ်းသံ တဂျုန်းဂျုန်းအောက်မှာ ကလေးတွေကလည်း တပြုံးပြုံးပါပဲ။

ဒီလိုရေဆိုးရေညစ်တွေထဲမှာ ပါလာနေကြ အမှိုက်သရိုက်တွေ၊ ရောဂါပိုးတွေကို သူတို့ မမြင်နိုင်၊

မမြင်နိုင်လောက်အောင်လည်း အသိဥာဏ် နုနယ်နေကြပါသေးလား။


ဟုတ်ပါသည်၊ ၀သန်မိုးနှင့်အတူ ဒီအချိန်ရောက်လျှင် ဖြစ်လေ့ရှိတဲ့ ဖြစ်ပွါးနေကျ ရောဂါပေါင်းစုံက

မဖိတ်ခေါ်ဘဲ ရောက်လာဦးမည်။ အဓိကကတော့ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှော ရောဂါတွေပေါ့။

နှစ်စဉ်နှစ်တိုင်းလည်း ကြုံတွေ့နေကျ၊ ဆေးရုံဆေးခန်းများတွင်လည်း ဒီအချိန်အခါဆိုလျှင် ဒီရောဂါတွေက

အဓိကနေရာယူ နေဆဲပင်။ အခန့်မသင့်လျှင်ပဲ ဖြစ်ဖြစ် ၊အချိန်နှောင်းလျှင်ပဲ ဖြစ်ဖြစ် အသက်ကိုတောင်

ရန်ရှာတတ်သည့် မိုးရာသီ ဧည့်သည်များပင် ဖြစ်ပေတော့သည်။


သွေးလွန်တုပ်ကွေးအစ

အဓိက အဆိုးဆုံးကတော့ သွေးလွန်တုပ်ကွေးပင်ဖြစ်သည်။ ဒီရောဂါ စတင်ခဲ့သည်က အေဒီ ၂၆၅

လောက်ကတည်းက ဟု ဆိုကြသည်။ မှတ်တမ်းမှတ်ရာ များတွင်လည်း သွေးလွန်တုပ်ကွေးလိုမျိုး

ရောဂါတွေ လူအစုလိုက်အပြုံလိုက်ဖြစ်ဖူးခဲ့သည် ဟု ပြောထားပြန်သည်။ outbreak ဟု အမည်ခေါ်ဝေါ်သော လူတွေ

အစုအလိုက်အပြုံလိုက် ရောဂါ ဖြစ်တာကတော့ ၁၆၃၅ ခုနှစ်က အနောက်အိန္ဒိယတွင် ပထမဆုံး

စတင်ခဲ့ပါသည်တဲ့။ ဒီလိုနဲ့ ကြိုးကြားကြိုးကြား ဖြစ်ရာကနေ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက်ပိုင်း

လူနေမှုစရိုက်တွေ ဖရိုဖရဲဖြစ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ကမောက်ကမဖြစ်ပြီး

သွေးလွန်တုပ်ကွေးဗိုင်းရပ်စပ်က ကမ္ဘာအနှံ့ ခြေဆန့်ခဲ့လေတော့သည်။


သွေးလွန်တုပ်ကွေးရောဂါကနေ အဆင့်ပိုဆိုးလာသည့် သွေးထွက်လွန်တဲ့ အဆင့်ရှိ ရောဂါကိုတော့

၁၉၅၃ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ စ တွေ့ခဲ့ရပါသည်။ ၁၉၅၀ ၀န်းကျင်လောက်တုန်းကတော့

သွေးလွန်တုပ်ကွေး outbreak ဖြစ်သည်မှာ ၉ နိုင်ငံလောက်ပဲရှိသေးသည်။ ယနေ့ ခေတ်ကျတော့ နိုင်ငံပေါင်း

၁၀၀ ကျော်ခဲ့ပါပြီ။ တိုးတက်လာသော ခေတ်နှင့်အမှီ ဒီရောဂါဆိုးရဲ့ လွှမ်းမိုးနိုင်မှုကလည်း တရိပ်ရိပ်

မြင့်တက်လာဆဲပါပဲ။ အရှေ့တောင် အာရှနိုင်ငံတွေမှာဆိုရင် ကလေးငယ်တွေ ဆေးရုံတက်ရတဲ့ အကြောင်းရင်း၊ သေဆုံးရတဲ့ အဓိအကြောင်းရင်းထဲမှာ သွေးလွန်တုပ်ကွေးက အဓိကဇတ်ကောင်ပင်

ဖြစ်ပေသည်။


သွေးလွန်တုပ်ကွေးဟာ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ သို့ပေမင့် ဒီရောဂါက အသက် ၁၅နှစ်အောက်

ကလေးများကိုသာ အဓိက ပစ်မှတ်ထားပြီး ဒုက္ခပေးသည်။ ရံဖန်ရံခါ ကလေးငယ်တို့ ၏ အသက်ကိုပင်

အမှည့်ခြွေ ခြွေတတ်သေး၏ ။


သွေးလွန်တုပ်ကွေး ဘာကြောင့်ဖြစ်သလဲ

သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို Dengue virus ဟုခေါ်သည်။ မျိုးစိပ်ခွဲက ၄မျိုးရှိသည်။

၎မျိုးလုံးက သွေးလွန်တုပ်ကွေး ဖြစ်စေသည်။ ဒါကြောင့်မို့  သွေးလွန်တုပ်ကွေး တစ်ခါဖြစ်ဖူးတာနဲ့ 

နောင်တချိန် မဖြစ်နိုင်ဘူးလို့  ပြော၍ မရနိုင်ပေ။ ၀က်သက်လို ရောဂါမျိုးက တစ်ခါဖြစ်ဖူးတာနဲ့

နောင်တကြိမ် ဆက်မဖြစ်နိုင်တော့။ သွေးလွန်တုပ်ကွေးကတော့ အကြိမ်ကြိမ် အခါခါ ဆက်ဖြစ်နိုင်သည်။

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို အဓိက ဖြန့် ဖြူးသယ်ပို့ ပေးတာကတော့ ခြင်ကျားတွေပင်

ဖြစ်သည်။ အေးဒီးစ်အေဂျပ်တိုင်း( Aedes aegypti ) ဟု ခေါ်ပါ၏ ။ သူတို့ ၏ တံတွေးဂလင်းတွင်

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပေါင်း အကောင်ရေများစွာရှိသည်။ ခြင်ကျားအမတွေက လူ၏သွေးကို

စုပ်လိုက်သောအခါ ဗိုင်းရပ်စ်တွေက လူ့သွေးကြောထဲကို အလွယ်တကူပင် စီးဆင်းလာခဲ့သည်။ ဒီလိုနှင့်

ရောဂါပိုးအတိုက်ခိုက်ခံရသော လူမှတဆင့် အခြား တစ်ဦးမှတစ်ဦးထပ်ဆင့်ကူးဖို့ အတွက် ခြင်ကျားများက

အဓိက အကြိုအပို့  လုပ်ပေးချေတော့သည်။


ခြင်ကျားဟူသည်

အရွယ်ရောက် ခြင်ကျားတစ်ကောင်၏ သက်တမ်းမှာ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပြီး

ရက်သတ္တပတ် ၂ပတ်မှ တစ်လ၀န်းကျင်ခန့်  ကြာမြင့်တတ်သည်။ ခြင်ကျားအမသည်၎င်း၏

သက်တမ်းတလျှောက်မှာ ငါးကြိမ်အထိ ဥ ဥနိုင်သည်။ တကြိမ် ဥ ဥ ပါက ဥပေါင်း တစ်ရာမှ နှစ်ရာထိ

ရှိနိုင်သည်။ ဥ ဥ ချနိုင်သည့် နေရာတွေကတော့ အဖုံးမရှိတဲ့ ရေစည်ပိုင်း၊ ပေပါ၊ အုတ်ကန်တွေ၊

ဘုရားပန်းအိုး၊ စားပွဲတင်ပန်းအိုးတွေ အစရှိတဲ့ ရေသန့် တွေရှိရာ မျက်နှာပြင်ပေါ်တွင်ပဲ ဖြစ်သည်။

မိုးတွင်းဆိုလျှင်တော့ အိုးခြမ်းပဲ့တွေ၊ သံဗူးခွံတွေ၊ ကားတာယာအဟောင်း အစရှိတဲ့ ရေ၀ပ်သည့်

နေရာတွေမှာလည်း စိတ်ကြိုက် ဥ ဥ တတ်ပေသည်။


ဒီခြင်ဥတွေက တစ်မီလီမီတာခန့်  ရှည်လျားပြီး ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်မှာဆို၇င်

တစ်နှစ်လောက်ထိ မပျက်မစီးဘဲ ရှိနေနိုင်ပြီး အခွင့်သင့်လို့  ရေရပြီဆိုပါက ပုံမှန် အဆင့်အတိုင်း

အကောင်ပေါက်နိုင်သည်။ ဤမျှလောက်ထိ သက်တမ်းကြာနိုင်တဲ့ ဥများပင် ဖြစ်ပေသည်။ ဒါကြောင့်လည်း

သွေးလွန်တုပ်ကွေးရောဂါကို ထိန်းချုပ်ရ ခက်ခဲနေခြင်း ဖြစ်နိုင်ပါလိမ့်မည်။ ခြင်ဥကနေ အကောင်ပေါက်လာတဲ့ သားလောင်းလေးတွေကတော့ ရေထဲမှာရှိတဲ့ ရေညှိတွေ၊ သာမန်မျက်စိနဲ့ မမြင်ရတဲ့ အကောင်ဗလောင်တွေကိုစားပြီး ဖွံ့ဖြိုးကြီးထွားကြသည်။


သားလောင်းလေးတွေဟာ ရေမျက်နှာပြင်ပေါ်မှာ ဟိုဟိုဒီဒီ ပြေးလွှားနေတတ်ကြသည်။

ဒီခြင်သားလောင်းတွေကို ကျွန်တော်တို့  အိမ်တွေမှာရှိတဲ့ အဖုံးမရှိတဲ့ ကန်တွေ၊ အိုးတွေမှာ အလွယ်တကူ

မြင်ရတတ်ပါသည်။ ဒီလိုနဲ့  အဆင့်ဆင့် ခြင်အကောင်လိုက်ဖြစ်လာ၊ လူကို ကိုက် ရောဂါပိုးတွေလည်း ပျံ့

နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ကုန်တော့ချေသည်ပေါ့။

ဒီခြင်ကျားတွေက နေ့ ခင်းဘက်တွင်သာ လူဆီက သွေးစုပ်ယူတတ်လေ့ရှိပါသည်။ ဒါကြောင့်မို့ 

နေ့ခင်းဘက် ခြင်ထောင်မထောင်ဘဲ ကလေးတွေကို အိပ်စေမည်ဆိုရင် ခြင်ကိုက်ခံရပြီး ရောဂါပိုး

ဝင်လာနိုင်၏။



သွေးလွန်တုပ်ကွေး လက္ခဏာ

ခြင်အကိုက်ခံရပြီး ၃ရက်မှ ၁၀ ရက်အတွင်း ရောဂါ လက္ခဏာ ပေါ်ပေါက်လာမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေး လက္ခဏာက ထူးထူးဆန်းဆန်းတော့ မဟုတ်။ သာမန် အအေးမိ ဖျားနာကဲ့သို့ ပင်

ဖြစ်သည်။ ကလေးမှာ ချက်ချင်း အဖျားတက်လာမည်။ ၂ရက်မှ ၇ ရက်ခန့် ထိ ဆက်တိုက် လိုလို

ဖျားနေနိုင်ပါသည်။ ထို့ နောက်ခေါင်းကိုက်မည်၊ ပျို့မည် အန်မည်။ အဆစ်တွေ ကြွက်သားတွေ

နာကျင်နေတတ်သည်။ ခန္ဓာကိုယ်တွင် အနီစက် အပြောက်လေးတွေ ပေါ်လာနိုင်သည်။

သွေးလွန်တုပ်ကွေးရောဂါ ပျောက်ကင်းပြီးစအဖျားကျသည့် အချိန်တွင်လည်း အနီစက်တွေ ပေါ်လာကောင်း

ပေါ်လာမည်။ အထူးသဖြင့် ခြေတွေ လက်တွေမှာ ပေါ်လာတတ်သည်။ ဒီလို ပေါ်လာခြင်းသည်

ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းကို ဖော်ပြခြင်း ဖြစ်သည်။


အဓိက သတိထားရမှာကတော့ ရောဂါစဖြစ်ပြီးသည်မှစကာ ခန္ဓာကိုယ်တွင်း သွေးယိုစီးဆင်းမှု

အဆင့်ကို ရောက်မသွားစေရန်ဖြစ်သည်။ သွေးလွန်တုပ်ကွေး ကူးစက်ခံရပါက ခန္ဓာကိုယ်ရှိ

သွေးကြောများတွင် စိမ့်ဝင်နိုင်မှု မြင့်တက်လာပြီး သွေးကြောထဲမှ သွေးရည်ကြည်များ အပြင်သို့ ယိုစီး

ဆုံးရှုံးမှု ဖြစ်လာနိုင်သည်။ ဒီအခါတွင် အရည်ဓါတ်ခန်းခြောက်ပြီး သွေးလန့် ခြင်း အဆင့်ဖြစ်ပေါ်ကာ

နောက်ဆုံးအနေဖြင့် အသက်ဆုံးရှုံးနိုင်မှုပါ ဖြစ်စေတတ်ပါသည်။


သတိပြုရန် အချက်များ

သွေးလွန်တုပ်ကွေး ရောဂါသည် သာမန်အားဖြင့် ဆိုးကျိုးများစွာ မပေးနိုင်သော်လည်း သွေးလန့် 

ခြင်းအဆင့်(shock)ကို ရောက်သွားပါက အထူးတလည် ဂရုပြုရမည်ဖြစ်ပါသည်။ မိမိတို့  ရင်သွေးငယ်များ

သွေးလွန်တုပ်ကွေးရောဂါ ခံစားရပြီဆိုပါက သွေးလန့် ခြင်း အဆင့် ရောက်၊ မရောက် သတိထားပြီး

စောင့်ကြည့်သင့်ပါသည်။ ကလေးမှိန်းသွားသလား၊ ဂဏာမငြိမ် ဖြစ်နေသလား၊ အဆက်မပြတ်

အန်နေသလား၊ ခြေဖျားလက်ဖျားများ အေးစက်လာသလား၊ ဗိုက်နာသလား၊ ဆီးသွားတာ နည်းသွားသလား သွေးယိုစီးမှု လက္ခဏာတွေဖြစ်တဲ့ နှာခေါင်းသွေးလျှံတာ၊ ကတ္တရာစေးအရောင်

ဝမ်းအမဲသွားတာ၊ ကော်ဖီရောင် အန်တာတွေ စတာတွေ ရှိသလားဆိုတာကို သတိပြုရမည်ဖြစ်ပါသည်။


ကလေးငယ်များတွင် ဖျားသည် အန်သည် ဆိုပါက ကော်ဖီမတိုက်သင့်ပါ။ အန်သည့်အခါ

သောက်လိုက်သည့် ကော်ဖီများကို ပြန်အန်သလား၊ ဒါမှမဟုတ် သွေးယိုစီးမှုကြောင့် ကော်ဖီရောင်

အန်သလားဆိုတာကို ခွဲခြားရန် ခက်ခဲပါသည်။ ဒါကြောင့်မို့  ကော်ဖီအစား အခြားအရည်များကိုသာ

တိုက်ကျွေးသင့်ပါသည်။


သွေးယိုစီးမှု စစ်ဆေးခြင်း

မိုးရာသီအတွင်း ကလေးငယ်များ ဖျားနာပြီဆိုပါက ဆရာဝန်များအနေဖြင့် မလွဲမသေ

စစ်ဆေးရသည့် စမ်းသပ်ချက် တစ်ခုရှိပါသည်။ Hess test ဟု ခေါ်ဆိုပါသည်။ ကလေးငယ်၏ လက်တွင်

သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် သွေးပေါင်ချိန်ကို ၈၀မီလီမီတာ မာကျူရီ အထိ တင်ထားပြီး ၅မိနစ်ခန့် 

ထားပြီး စောင့်ကြည့်ပါသည်။ ထို့ နောက် သွေးပေါင်ချိန်တိုင်း ကိရိယာကို ဖြုတ်ပြီး တံတောင်ဆစ်ကွေး၏

ရှေ့ဘက် လက်ဖျံအတွင်းဘက်တွင် အနီစက်များ ပေါ် မပေါ် စစ်ဆေးရပါသည်။ အကယ်၍

ပေါ်လာပြီဆိုပါက ၎င်းဧရိယာရှိ တစ်လက်မ ပတ်လည်စတုရန်းကွက်အတွင်းရှိ အနီစက် အရေအတွက်ကို

ရေတွက်ပြီး အနီစက် ၁၅ စက်ထက်ပိုပါက Hess test positive ဟု သတ်မှတ်နိုင်ပါသည်။

ဤစစ်ဆေးမှုသည် သွေးယိုစီးဆင်းမှု ရှိမရှိ စစ်ဆေးခြင်းဖြစ်ပါသည်။ ကလေး အဖျားမကျခင် နေ့  တိုင်း

စစ်ဆေးကြည့်သင့်ပါသည်


အရည်များများတိုက်ရန်လို

သွေးလွန်တုပ်ကွေးရောဂါသည် သွေးလန့် ခြင်းအဆင့်ကို မရောက်ပါက အထူးတလည်

ဆေးဝါးများဖြင့် ကုသရန် မလိုအပ်ပါ။ အဖျားကြီးပါက ရေပတ်တိုက်ပေးနိုင်ပါသည်။ အဓိကမှာ

အရည်ဓါတ်မခန်းခြောက်စေရန်ဖြစ်သဖြင့် အရည်များများတိုက်ရန်ဖြစ်ပါသည်။ ဓါတ်ဆားဖျော်ရည်လည်း

တိုက်ကျွေးနိုင်ပါသည်။ ကိုယ်ခံအားတက်လာမှသာ ရောဂါကို အမြန်ဆုံး တိုက်ထုတ်နိုင်မည်ဖြစ်သဖြင့်

အာဟာရရှိသော အစားအစာအများ စနစ်တကျ ကျွေးဖို့  အလေးထားသင့်ပါသည်။ သွေးကြောများမှ

သွေးရည်ကြည် ယိုစီးမှုကြောင့် အရည်ဓါတ်ခန်းခြောက်သည့် လက္ခဏာများရှိ မရှိကိုလည်း မကြာခဏ

စစ်ဆေးပေးရပါမည်။ ကလေး၏ ခြေဖမိုးပေါ်တွင် လက်မဖြင့် ခဏဖိထားပြီး လွှတ်လိုက်ပါ။ဖိထားသော

နေရာတွင် အရောင်ဖျော့နေပါမည်။ သာမန်ကလေးများတွင် ၂စက္ကန့်  အတွင်း လက်မဖိထားသော

နေရာတွင် သာမန်အရောင်ကို ပြန်ရောက်ရှိမည်ဖြစ်ပြီး ၆စက္ကန့် ထက် ပိုကြာပြီးမှ တဖြည်းဖြည်းချင်း

သာမန်အရောင်ကို ပြန်ရောက်သည်ဆိုလျှင် အထက်ပါ ကလေးငယ်မှာ သွေးကြောအတွင်း အရည်ဓါတ်

လျော့နည်းနေပြီ ဖြစ်ပါသည်။ သတိထားဖို့ လိုအပ်ပါသည်။ အချိန်မှီဆေးရုံ ဆေးခန်း ပို့ ပေးပြီး ထိရောက်စွာ

ကုသမှု ခံယူသင့်ပါသည်။


ကာကွယ်ခြင်းသည် အရေးအကြီးဆုံး မိသားစု တစ်စုတွင် ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ မိသားစုဝင် တစ်ဦးဦး နာမကျန်းဖြစ်ပါကအလွန်ကရိကထ များလှပါသည်။ အကောင်းဆုံးနည်းလမ်းကတော့ မဖြစ်ခင်ကတည်းက

ကာကွယ်နိုင်ဖို့ အရေးကြီးပါသည်။ ခြင်ကြောင့် သွေးလုပ်တုပ်ကွေး ဖြစ်သည်ဆိုလျှင် ခြင်ကိုနှိမ်နှင်းနိုင်ဖို့ 

လိုသည်။ ခြင်အကိုက်မခံရအောင် နေထိုင်တတ်ဖို့ လိုသည်။ ဘယ်လိုကာကွယ် နေထိုင်ရမည်ဆိုတာ

လူတိုင်းနီးပါး သိပြီးဖြစ်ပါသည်။


ခြင်ပေါက်ဖွားနိုင်သည့် ရေ၀ပ်နိုင်သော နေရာတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ရမည်။ ပီပါ၊

အုတ်ကန်၊ ရေအိုး အစရှိတာတွေကို စနစ်တကျ ဖုံးထားရမည်။ နေ့ခင်းဘက် ကလေးငယ်များ

အိပ်စက်သောအခါ ခြင်ထောင်ထောင်၊ အကျီအထူ အစရှိတာတွေဝတ်ပေးပြီး လုံလုံခြုံခြုံရှိစေရမည်။

မိမိတစ်အိမ်တည်း စည်းကမ်းလိုက်နာ စနစ်တကျနေထိုင်ရုံမျှနှင့် မပြီးသေး၊ မိမိပတ်ဝန်းကျင်တွင်လည်း

အမြင်မတော်တာရှိက ပရဟိတစိတ်ကလေးမွေးပြီး ခြင်အန္တရာယ်တားဆီးသင့်ပါသည်။


မိသားစုတစ်စုသာလျှင် ကျန်းမာရေးအသိ ရှိရုံမျှနှင့် သွေးလွန်တုပ်ကွေး ရောဂါကို

ကာကွယ်နိုင်မည်မဟုတ်ပေ။ မိသားစုတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့ရွာတိုင်း ကျန်းမာရေး သတိရှိဖို့ 

လိုအပ်လှပါသည်။ မသိသေးသူရှိပါက သိရှိနားလည်အောင် စေတနာရှေ့ထား ပြောကြားပေးရမည်။

တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသူအချင်းချင်း ညီညွတ်ရိုင်းပင်းမှသာ ခြင်အန္တရာယ်ကို

ကာကွယ်နိုင်မည်ဖြစ်သည်။ ဒီလိုခြင်ပေါက်ဖွားမှုကို ထိန်းချုပ်နိုင်မှ သွေးလွန်တုပ်ကွေးရောဂါကို

တားဆီးနိုင်မှာဖြစ်ပြီး မလိုလားဘဲ ကလေးသူငယ်များ အသက်အန္တရာယ်ဆုံးပါးခြင်းကို အချိန်မှီ

ကာကွယ်နိုင်မှာ ဖြစ်ပါသည်။


ဝမ်းပျက်ဝမ်းလျှောခြင်း

နောက်တစ်ခု၊ မိုးရာသီမှာ မခေါ်ဘဲ လာနေကျ ဧည့်သည်ကတော့ အများသိကြတဲ့အတိုင်း

ဝမ်းပျက်ဝမ်းလျှောရောဂါပင်ဖြစ်သည်။ ဘာကြောင့် ၀မ်းပျက်ဝမ်းလျှောဖြစ်ကြသလဲ၊ လူတိုင်းနီးပါး

သိကြပြီးဖြစ်ပါသည်။ သို့သော် အသိရှိသော်ငြား အကျင့်မရှိက မသိသေးသကဲ့သို့ ပင်၊ ၀မ်းရောဂါများ

ကလည်း နှစ်စဉ်နှစ်တိုင်းဖြစ်ပွါးနေဆဲပါပဲ။

ဝမ်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းကို လူကြီးတိုင်းလိုလိုသိသော်လည်း အသိမကြွယ်သေးသော

ကလေးသူငယ်တို့ မသိကြသေးပါဘူး။ ဒါကြောင့်မို့  ကလေးသူငယ်များ သိရှိနားလည်အောင်လည်း သေချာ

ညွှန်ကြားပြသသင့်ပါသည်။ ယင်နားစာမစားဖို့ ၊ အမှည့်လွန်အသီးတွေမစားဖို့ ၊ မသန့် ရှင်းတဲ့ အစားအစာ၊

ရေ မသောက်သုံးဖို့ ၊ အိမ်သာမှဆင်းတိုင်း လက်ကိုသေချာဆေးကြောဖို့ အစရှိတာတွေကို

ကလေးများနားလည်အောင် အိမ်များ၊ ကျောင်းများတွင် စနစ်တကျသင်ကြား ပြသပေးသင့်ပါသည်။


သတိမူရမည့်အချက်တစ်ချက်

မြန်မာလူမျိုးများတွင် ပြင်ဖို့ ခက်ခဲသော ချို့ယွင်းချက်တစ်ခုရှိပါသည်။ ထွေထွေထူးထူးတော့

မဟုတ်၊ ထမင်းစားခါနီးတိုင်း လက်ကို သေချာဆပ်ပြာနှင့် မဆေးကြောကြခြင်းပင်ဖြစ်ပါသည်။ လက်ကလေးစိုရုံ ရေစွတ်ပြီး ထမင်းစားကြသည်။ စားပြီးပြီဆိုလျှင်တော့ဖြင့် ဟင်းနံ့များ

လက်တွင်မနံ့စေရန် ဆပ်ပြာဖြင့် အထပ်ထပ်အခါခါ သေချာဆေးကြောကြသည်။ ထမင်းမစားခင် လက်ကိုဆပ်ပြာဖြင့်

သေချာစနစ်တကျဆေးကြောကြသူ အရေအတွက်မှာ အင်မတန်နည်းပါးလှပါသည်။ မဖြစ်သင့်လှပါ။


အမှန်တကယ်ဆိုရင် အစာမစားမှီကတည်းက လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောရပါမည်။

တွေ့သမျှအရာပေါင်း သောင်းခြောက်ထောင်ကို ထိတွေ့ကိုင်တွယ်ထားသော ဤလက်သည် ရောဂါပိုးမရှိ

သန့် စင်နေပါမည်ဟု အဘယ်သူက အတပ် ပြောနိုင်ပါမည်နည်း။ မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားတွေ

တွယ်ကပ်နေမှာ အသေအချာဖြစ်ပါသည်။ ဒီလို မသန့် သောလက်ကို ရေလေးထိရုံမျှ ဆေးကြောရုံမျှဖြင့်

ဘယ်လိုမှ သန့်  စင်နိုင်မည် မဟုတ်ပါ။ တစ်နည်းမဟုတ်တစ်နည်း လက်မှတဆင့် အစာနှင့်အတူ

ရောဂါပိုးများ ၀င်လာနိုင်ပါသည်။ ယခုလို ရောဂါဖြစ်လွယ်သော မိုးရာသီဆိုလျှင် ၀မ်းရောဂါကူးစက်ဖို့ 

ပို၍တောင် အခွင့်သာနေပါသေးသည်။ ဒါကြောင့်မို့  ထမင်းမစားခင်လေးတော့ လက်ကိုဆပ်ပြာဖြင့်

သေချာဆေးကြောဖို့  အကြံပြုလိုပါသည်။


ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ဖို့  နောက်တစ်နည်းလမ်းကတော့ ရေကို ကျိုချက်ပြီး

သောက်သုံးခြင်းပင်ဖြစ်သည်။ မိုးတွင်းကာလတွင်တော့ ရေကိုကျိုချက်သောက်နိုင်ရင် ၀မ်းရောဂါအတွက်

ပိုမိုစိတ်ချရပါသည်။ ရေကို ပွက်ပွက်ဆူအောင်ကျိုချက်ထားပြီး စနစ်တကျအဖုံးဖုံးထားကာ ရေကျက်အေး

အနေဖြင့် သောက်သုံးသည့် စနစ်သည် မိုးတွင်းကာလအတွက် အထူးသင့်လျော်လှပါသည်။


ဝမ်းလျှောတိုင်း ၀မ်းပိတ်ဆေး သောက်ဖို့ မလိုအပ်

မိမိတို့ မိသားစုဝင်များတွင် ၀မ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုပါကလည်း စနစ်တကျ ကုသဖို့ လိုပါသည်။

ဝမ်းလျှောသဖြင့် ခန္ဓကိုယ်မှ အရည်ဓါတ်နှင့် တခြားသတ္တုဓါတ်များ ဆုံးရှုံးသွားမည်ဖြစ်သည်။ ရေဓါတ်

အလွန်အမင်း ဆုံးရှုံးပါက ဘေးဥပဒ်ဖြစ်စေတတ်ပါသည်။ ၀မ်းလျှောပြီဆိုသည်နှင့် အများစုမှာ

ဝမ်းပိတ်ဆေးကိုသာ မိမိသဘောနှင့် မိမိ သောက်သုံးတတ်ကြသည်။ ၀မ်းပိတ်ဆေးသောက်ရုံမျှနှင့်

ဝမ်းရောဂါပိုးကို မသုတ်သင်နိုင်ပါ။ ပိုးသတ်ဆေးမဟုတ်သော ၀မ်းပိတ်ဆေးများမှာ ၀မ်းသွားခြင်းကိုသာ

အခိုက်အတန့် ရပ်တန့် စေပါသည်။ ရောဂါပိုးကိုတော့ အမြစ်ပြတ် ချေမှုန်းနိုင်ခြင်းငှါ မစွမ်းသာပေ။

ဝမ်းပိတ်ဆေး၏ အာနိသင်ကြောင့် ၀မ်းမသွားတော့သော်လည်း မိမိ၏ အူလမ်းကြောင်းထဲမှာတော့

ဝမ်းရောဂါပိုးတွေ ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။


အဓိကက ၀မ်းသွားတာကို ရပ်တန့် စေဖို့ မဟုတ်ပါ။ ၀မ်းလျှော၍ ဆုံးရှုံးသွားသော အရည်ဓါတ်၊

သကြားဓါတ် အစရှိတာ တွေကို ပထမဦးစွာ ပြန်လည် ဖြည့်တင်းပေးနိုင်ဖို့  ပင် ဖြစ်ပါသည်။ ၀မ်းသွားလိုက်သဖြင့်

အူထဲတွင်ရှိသော ပိုးများ တပါတည်း အပြင်ကို စွန့်  ထုတ်လိုက်ပြီးသား ဖြစ်ပါသည်။ ထို့ ကြောင့်

ဝမ်းသွားခြင်းကို ရပ်တန့် ဖို့ ထက်၊ ၀မ်းသွားခြင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ က

ပိုမိုအရေးကြီးပါသည်။ ထို့ ကြောင့် ၀မ်းပျက်ဝမ်းလျှောဖြစ်ပါက မလိုအပ်ဘဲ ၀မ်းပိတ်ဆေးများ

ဖိသောက်နေခြင်းကို ရှောင်ရှားသင့်ပါသည်။ ၀မ်းလျှောသည့် အကြိမ်အရေအတွက်ကလည်း

အလွန်များနေပြီး လူနာမှာ အဖျားလည်း မရှိဘူးဆိုမှသာ ၀မ်းပိတ်ဆေးများကို ရောဂါလက္ခဏာသက်သာစေရန် သောက်သုံးသင့်ပါသည်။ လိုအပ်မည်ဆိုလျှင်တော့ ရောဂါပေါ်မူတည်ပြီး

သင့်လျော်သော ပဋိဇီဝဆေးများ သောက်သုံးရမည်ဖြစ်သည်။


ရေဓါတ်ခမ်းခြောက်နေပြီလား

သတိပြုရမည့် အဓိကအချက်ကတော့ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်းကြောင့်

ရေဓါတ်ခမ်းခြောက်သည့် လက္ခဏာများ ရှိမရှိ စောင့်ကြည့်ဖို့ ပင်ဖြစ်သည်။ ရေဓါတ်ခမ်းခြောက်မည်ဆိုလျှင်

မျက်ကွင်းများချိုင့်လာမည်၊ အာခေါင်တွေခြောက်လာမည်၊ အရေပြားတွေ ခြောက်လာမည်။ ရေကို

အငမ်းမရ သောက်ချင်လာမည်။ ပင်ပန်းနွမ်းနယ် နုံးချိလာမည်။ ကြွက်သားတွေ နာလာမည်။

ဒါတွေဖြစ်လာမည်ဆိုလျှင်တော့ ရေဓါတ်လျော့နည်းနေပါပြီ။ အိမ်တွင်းကုသမှုအနေဖြင့် ဓါတ်ဆားရေ

သောက်သုံးပေးပါ။ ဓါတ်ဆားတစ်ထုပ်လျှင် ရေတစ်လီတာနှုန်းဖြင့် ဖျော်စပ်ရပါမည်။ ရေကျက်အေးဖြစ်ပါက

ပိုမိုကောင်းမွန်ပါသည်။ ကလေးသူငယ်များတွင်လည်း ၀မ်းရောဂါကြောင့် ရေဓါတ်ခမ်းခြောက်နေသလား

စောင့်ကြည့်သင့်ပါသည်။ ကလေးမအီမသာ ဖြစ်လာမည်၊ ဂျီကျလာမည်၊ ဒ့ါအပြင် ကလေးက မှိန်းလာမည်၊

သတိလစ်လာမည်ဆိုပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးခေါ်ဆောင် ပြသသင့်ပါသည်။


အိမ်တိုင်းရပ်ရွာတိုင်း သန့် ရှင်းဖို့ လို

အမှန်တကယ်ဆိုလျှင် ၀မ်းပျက်ဝမ်းလျှောရောဂါသည် အသက်သေဆုံးလောက်အောင်ထိ

ဒုက္ခမပေးတတ်ပါ။ သို့ သော် ပေါ့ပေါ့ဆဆ ဂရုမစိုက်ခြင်းကြောင့် အရွယ်မတိုင်မှီ ကြွေလွင့်သွားရရှာသော

ကလေးငယ်များ ယနေ့ ထက်တိုင်ရှိနေပါသေးသည်။ အထက်တွင်ဖော်ပြထားသကဲ့သို့  ကျန်းမာရေး

အသိရှိသူများက ကျန်းမာရေးအသိ မရှိကြသေးသူများကို လက်ဆင့်ကမ်းပြောကြားပေးပါ။

တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံမျှဖြင့် ဒီရောဂါများကို တားဆီးနိုင်မည်မဟုတ်ပါ။ မိမိနေထိုင်ရာ

အိမ်၊ လမ်း၊ ရပ်ရွာများကို သန့်  ရှင်းသပ်ရပ်အောင် ၀ိုင်းဝန်းလုပ်ဆောင်မည်ဆိုလျှင် ယခုလို မိုးရာသီမှာ

အဖြစ်များသော သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါများကို တားဆီးနိုင်မည်ဖြစ်ပါသည်။ ဒီလိုရောဂါတွေကို

မည်သူမျှ အလိုမရှိကြပါ။ မည်သူမျှလည်း မဖိတ်ခေါ်ကြပါ။ သို့ သော် မဖိတ်ခေါ်ဘဲရောက်လာလေ့ရှိသော

မိုးရာသီဧည့်သည်ရောဂါဆိုးများကို ကြိုတင်ကာကွယ်နိုင်ဖို့ လိုအပ်ပါသည်။ သို့ မှသာ ကျန်းမာခြင်းသုခ နှင့်

ပြည့်စုံနိုင်မည်ဖြစ်ပါကြောင်း ဆန္ဒပြု ရေးသားလိုက်ရပါသည်။


အောင်အောင် (မေ၂၂၊ ၂၀၁၁)

25 June 2011

အသည်းဟူသည်

အသည်းမရှိဘဲ ကျွန်တော်တို့ အသက်ရှင်လို့ မရဘူး။ အသည်းက အဲဒီလောက်ထိကို အရေးပါတဲ့ အင်္ဂါအစိပ်အပိုင်းတစ်ခုပေါ့ဗျာ။ အသည်းကသာ ကျွန်တော်တို့အတွက် လိုအပ်တာ၊ ကျွန်တော်တို့ကတော့ဖြင့် အသည်းကို အလေးတောင်ထားကြတာမဟုတ်ဘူး။ အသည်းအကြောင်းကိုလည်း သိပ်မသိကြဘူး။

အသည်းက ကျွန်တော်တတို့ ရဲ့ ခန္ဓာကိုယ်မှာ အကြီးဆုံးပစ္စည်းတစ်ခုပဲ။ အသည်းထက်ကြီးတာ ဘာမှမရှိဘူး။ အသည်းအလေးချိန်က သာမန်လူကြီးတစ်ယောက်မှာဆိုရင် ၁.၅ ကီလိုဂရမ်လောက်ထိ လေးတယ်။ တစ်ပိဿာဝန်းကျင်ပေါ့ဗျာ။ အသည်းနေတဲ့နေရာက ကျွန်တော်တို့ရဲ့ ညာဘက်နံရိုး အောက်ဘက်နားမှာပေါ့။ တခါတလေ ရောဂါကြောင့် ကြီးလာပြီဆိုရင်တော့ နံရိုးအောက်ဘက်မှာ အသည်းကို ဆရာဝန်တွေက စမ်းမိတတ်ကြတယ်။ အဲဒါကလည်း ဆရာဝန်တွေအတွက်ရောဂါကုသဖို့ အထောက်အကူတစ်ရပ်ပဲလေ။

အသည်းက ခန္ဓာကိုယ်မှာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဆိုတဲ့အတိုင်း အသည်းကို အာဟာရထောက်ပံ့ပေးတဲ့  သွေးပမာဏကလည်း မနည်းပါဘူး။ နှလုံးက ညှစ်ထုတ်ပေးတဲ့ သွေးပမာဏရဲ့ လေးပုံတစ်ပုံလောက်ထိကို အသည်းက အသုံးပြုရပါတယ်။ နှလုံးအလုပ်ကောင်းကောင်းမလုပ်တဲ့ တချို့လူနာတွေမှာဆိုရင် အသည်းဟာ သာမန်အချိန်ထက်ပိုပြီး သွေးတွေကို သိမ်းဆည်းပေးရပါတယ်။ တခါတလေ ရေသန့်ဘူးတစ်ဗူးစာလောက်ရှိတဲ့ သွေးတွေကို သိမ်းထားပေးရပါတယ်။ အကယ်၍များ ခန္ဓာကိုယ်မှာ သွေးပမာဏနည်းနေပြီဆိုရင်လည်း အသည်းထဲမှာ သိမ်းထားတဲ့ သွေးတွေကို ပြန်ထုတ်ပေးပါသေးတယ်။ အသည်းက သာမန်အရွယ်အစားထက် ပိုကြီး၊ ပိုဆန့်နိုင်တဲ့  အင်္ဂါအစိတ်အပိုင်းဖြစ်တာကြောင့် ခုလိုသွေးလှောင်တဲ့ ဂိုဒေါင်ကြီးလို တာဝန်ထမ်းဆောင် နေနိုင် တာပေါ့ဗျာ။

အသည်းက တာဝန်တွေအများကြီး ထမ်းဆောင်နိုင်ပါတယ်။ ဘယ်တာဝန်အရေးကြီးလဲဆိုရင် အကုန်လုံး အရေးကြီးတယ်လို့  ပြောရမှာပေါ့ဗျာ။ ကျွန်တော်တို့ တွေ အစာစားပြီးတဲ့အခါမှာ သွေးထဲမှာ ဂလူးကို့စ် ပမာဏက မြင့်တက်လာတယ်။ လိုအပ်တာထက်ပိုလျှံနေတဲ့ ပမာဏထိ ရောက်သွားတာပေါ့ဗျာ။ အဲဒီအခါမှာ အသည်းက ပိုနေတဲ့  ဂလူးကို့စ်တွေကို တခြားအသွင်တမျိုးနဲ့ သိမ်းထားပေးပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့အချိန်မှာ အဲဒီသိမ်းထားတဲ့ သကြားဓါတ်တွေကို အသည်းက ပြန်ထုတ်ပေးရပါတယ်။ မထုတ်ပေးလို့ မရဘူးလေ။ လုံလောက်တဲ့ သကြားဓါတ်ပမာဏမရရင် ကျွန်တော်တို့ရဲ့ ဦးနှောက် ပျက်စီးပြီး တာဝန်မထမ်းဆောင်နိုင်ဘဲ ဖြစ်သွားမှာပေါ့။ ဂလူးကို့စ်ကနေ စွမ်းအင်ရမှသာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ကိုယ်စီကိုယ်စီ သူ့ အလုပ်သူ လုပ်ဆောင်နိုင်ကြမှာလေ။ ဒါကြောင့် တခြားအင်္ဂါတွေအတွက် အသည်းက သကြားဓါတ်အာဟာရကို ထိန်းသိမ်းပေးရတာပေါ့။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းတွေကိုလည်း အသည်းကပဲ ဒိုင်ခံဖွဲ့စည်း ထုတ်လုပ်ပေးရတာပါ။ အသည်းထုတ်မပေးနိုင်တဲ့  ပရိုတင်းတစ်မျိုးကလွဲလို့ အခြားလိုအပ်တဲ့ ပရိုတင်းမှန်သမျှ အသည်းက စက်ရုံသဖွယ် ထုတ်ပေးပါတယ်။ သွေးထဲမှာရှိတဲ့ သွေးရည်ကြည် ပရိုတင်းဓါတ်ဟာ အင်မတန် အရေးကြီးလှပါတယ်။ ပရိုတင်းဟာ ရေကို ဆွဲထားပေးနိုင်တဲ့ သတ္တိရှိပါတယ်။ သွေးကြောထဲမှာ ရှိတဲ့ ပရိုတင်းက ရေဓါတ်ကို ဆွဲထားနိုင်မှသာ သွေးလည်ပတ်မှုက ပုံမှန်ဖြစ်နေမှာပါ။ ဥပမာ အသည်းမကောင်းတဲ့ လူနာတွေမှာ ခြေထောက်တွေ ကိုယ်တွေ ဖောနေတတ်ပါတယ်။ အဲဒါဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ပရိုတင်း ထုတ်လုပ်မှု တာဝန်ပျက်စီးနေလို့  ပေါ့။ ပရိုတင်းမရှိတော့ သွေးကြောထဲမှာ ရေကိုဆွဲမထားနိုင်ဘူးလေ၊ ဒီတော့ သွေးထဲကအရည်က တစ်ရှုးတွေထဲကို စိမ့်ဝင်သွားပြီးတော့ လူဟာ ခြေတွေလက်တွေ ဖောလာတဲ့  ဝေဒနာကို ခံစားရတော့တာပေါ့။ ကျောက်ကပ်မကောင်းတဲ့ လူနာတွေမှာလည်း အဲဒီလို ခြေလက်တွေ ဖောနေနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ကပ်က သူ့ တာဝန်တစ်ခုဖြစ်တဲ့ ပရိုတင်းတွေကို ဆီးထဲပါမသွားအောင် ပြန်စစ်ယူမထားနိုင်လို့ ပေါ့။

အသည်းဟာ ကျွန်တော်တို့စားလိုက်တဲ့  အာဟာရဓါတ်တွေထဲကနေလည်း ကိုလက်စထရောကို ထုတ်လုပ်ပေးပါသေးတယ်။ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော ဖွဲ့စည်းမှု ၈၀ ရာခိုင်နှုန်းလောက်ကို အသည်းကပဲ တာဝန်ယူရတာပါ။ လိုအပ်တာထက် အရမ်းပိုများနေတဲ့  အဆီတွေကိုတော့ အဆီတစ်ရှုးတွေထဲမှာ သိမ်းဆည်းရပါတယ်။ ဒါကြောင့်မို့ အဆီတွေ လိုတာထက်ပိုပြီး အများကြီးစားတဲ့သူတွေမှာ ဗိုက်ခေါက်အဆီတစ်ရှုးတွေ ထူလာတာပေါ့ဗျာ။ အသည်း ဖွဲ့စည်း ထုတ်လိုက်တဲ့  ကိုလက်စထရောကနေ သည်းခြေရည်အဖြစ် အသည်းကပဲ ထပ်ပြီး ပြောင်းလဲ စစ်ထုတ်ပေးပါတယ်။ သည်းခြေရည်ဖြစ်ပေါ်ဖို့အတွက် ကိုလက်စထရောက အဓိကပါ။ သည်းခြေရည်မှာ ဘာတွေပါသလဲဆိုတော့ ရေ၊ ကိုလက်စထရော၊ ပရိုတင်း၊ သည်းခြေရောင်ခြယ်ပစ္စည်း အစရှိတာတွေ ပါပါတယ်။ တစ်နေ့ ကို ၂၅၀ မီလီလီတာကနေ တစ်လီတာ ၀န်းကျင်ခန့် ထိရှိတဲ့ သည်းခြေရည်ပမာဏကို အသည်းက စစ်ထုတ်ပေးရပါတယ်။ အသည်းကထုတ်လုပ်လိုက်တဲ့ သည်းခြည်ရည်ကိုတော့ သည်းခြေအိတ်က သိမ်းဆည်းပေးပါတယ်။

သည်းခြေအိတ်ဆိုတာ အသည်းရဲ့ ညာဘက်အောက်ခြေနားမှာ ကပ်လျက် တည်ရှိတဲ့  သစ်တော်သီးပုံ အိတ်ငယ်လေး ဖြစ်ပါတယ်။ အသည်း စစ်ထုတ်ပေးလိုက်တဲ့  သည်းခြေရည်တွေကို သည်းခြေအိတ်က ပျစ်အောင်ဖန်တီးပြီး သိမ်းထားပေးပါတယ်။ သည်းခြေရည် ပမာဏ ၅၀ မီလီလီတာလောက်ကို သည်းခြေအိတ်က သိမ်းထားပေးနိုင်စွမ်းရှိပြီးတော့ ကျွန်တော်တို့ အစာစားလိုက်တဲ့အခါမှာ အဲဒီသိမ်းထားတဲ့ သည်းခြေရည်တွေကို အူသိမ်ဦးထဲကို တဖြည်းဖြည်း စီးဆင်းစေပါတယ်။ သည်းခြေရည်ဟာ စားလိုက်တဲ့ အစာထဲက အဆီတွေကို ချေဖျက်သန့်စင်တဲ့ နေရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် အဆီထဲတွင်သာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ကေ အစရှိတဲ့ ဗီတာမင်တွေကို ခန္ဓာကိုယ်က စုပ်ယူရာမှာလည်း သည်းခြေရည်က မပါမဖြစ်ပါပဲ။

သည်းခြေရည်ထဲမှာ ပါဝင်တဲ့  အဓိက သည်းခြေရောင်ခြယ်ပစ္စည်းကတော့ ဘီလီရူဘင်(bilirubin) လို့ ခေါ်တဲ့ ရောင်ခြယ်ပစ္စည်း(pigment) ပဲဖြစ်ပါတယ်။ ဘီလီရူဘင်ဟာ အစိမ်းနဲ့ အ၀ါရောစပ်ထားတဲ့ အရောင်မျိုးဖြစ်ပြီး သွေးနီဥတွေ ပျက်စီးရာကနေ ထွက်ပေါ်လာတဲ့ စွန့်ပစ်ပစ္စည်း တစ်မျိုးပါ။ သွေးနီဥတွေရဲ့ သက်တမ်းဟာ ရက်ပေါင်း ၁၂၀ခန့်  ဖြစ်ပြီး ၁၂၀ ကျော်လာတဲ့ သွေးနီဥဆဲလ်တွေဟာ ကြေမွပျက်စီးလွယ်နေပါပြီ။ အဲဒီအရွယ်လွန်သွေးနီဥဆဲလ်တွေကို ခန္ဓာကိုယ် ခုခံမှုစနစ်ကနေ ချေဖျက်တိုက်ထုတ်ပေးရပါတယ်။ အဲဒီလိုသွေးနီဥဆဲလ်တွေ ပျက်စီးပြီး ထွက်ပေါ်လာတဲ့ ဘီလီရူဘင်တွေကို သည်းခြေရည်ထဲ တခါထဲ ရောထည့်လိုက်ပြီး အူလမ်းကြောင်းကနေတဆင့် ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်ရတာပါ။ ဘီလီရူဘင်ဟာ တခြားပုံစံအသွင်ပြောင်းပြီး ဆီးထဲ မစင်ထဲကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားပါတယ်။ အကယ်၍ ကင်ဆာကြောင့်ဖြစ်ဖြစ်၊ သည်းခြေကျောက်ကြောင့်ဖြစ်ဖြစ် သည်းခြေပြွန်လမ်းတလျှောက် ပိတ်ဆို့နေမယ်ဆိုရင် ဘီလီရူဘင်တွေကို မစွန့်ထုတ်နိုင်တော့ပါဘူး။ ဒီအခါမှာ အသားဝါတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ လူတစ်ယောက်ဟာ အသားဝါပြီဆိုတာနဲ့ အသည်း ဒါမှမဟုတ် သည်းခြေအိတ်၊ သည်းခြေပြွန်လမ်းကြောင်း တစ်နေရာရာမှာ ပြဿနာ တစ်ခုခုဖြစ်နေပါပြီ။ ဒါမှမဟုတ်ရင်လည်း သွေးနီဥဆဲလ်တွေ အဆမတန်ပျက်စီးခြင်းကြောင့်လည်း ဘီလီရူဘင်တွေ အရမ်းများပြီး အသားဝါလာနိုင်ပါတယ်။

အသည်းတို့ အသည်းတွေရဲ့ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကတော့ ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားတွေကို ချေဖျက်ပေးတာပါပဲ။ လူတွေစားလိုက်တဲ့ အစားအစာထဲကနေ မျက်စိနဲ့ မမြင်ရတဲ့ အင်မတန်သေးငယ်တဲ့ ဘက်တီးရီးယားတွေဟာ အူလမ်းကြောင်းရှိ သွေးကြောတွေကနေတဆင့် အသည်းထဲကို တိုက်ရိုက်ရောက်ရှိလာပါတယ်။ ဒီအခါမှာ အသည်းထဲမှာရှိတဲ့ ရောဂါပိုးမွှား တိုက်ဖျက်ပေးတဲ့ ဆဲလ်တမျိုးကနေ သွေးတွေကို တာဝန်ယူသန့်စင်ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့  အခြား အဓိက အစိတ်အပိုင်းတွေဆီ ဘက်တီးရီးယားတွေ တိုက်ရိုက်မရောက်ခင် ဆန်ကာစစ်ပေးသလို လုပ်ဆောင်ပေးပါတယ်။

အထက်က ပြောခဲ့တဲ့ တာဝန်တွေအပြင် အသည်းတို့ဟာ ခန္ဓာကိုယ်အတွက် သွေးခဲမှုဖြစ်စဉ်မှာလည်း အဓိက တာဝန်ယူရပါသေးတယ်။ ခန္ဓာကိုယ်မှာ ထိခိုက်ရှနာ ပွန်းပဲ့ပြီဆိုတာနဲ့  သွေးခဲမှု ဖြစ်စဉ် ဖြစ်ပေါ်ပေးရပါတယ်။ ဒါမှသာ ခန္ဓာကိုယ်ကနေ ပြင်ပကို မလိုအပ်ဘဲ သွေးဆုံးရှုံးမှုတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်။ ဗီတာမင်ကေရဲ့ အကူအညီကို ရယူပြီးတော့ အသည်း အသည်းကနေပဲ သွေးခဲစေတတ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပေးရပါတယ်။

အသည်းဟာ ဒါတင်မကသေးပါဘူး၊ ဗီတာမင်တွေကိုလည်း သိမ်းထားပေးရပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် ဒီနဲ့ ဗီတာမင် B12 အစရှိတာတွေကို လပေါင်းများစွာဖူလုံမှုရှိအောင် အသည်း သိမ်းထားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ သံဓါတ်တွေပိုနေပြီဆိုရင်လည်း အသည်းပဲတတ်နိုင်သလောက် သိမ်းထားပေးပါတယ်။ သိမ်းထားသမျှတွေကိုတော့ ပြန်လည်လိုအပ်လာတဲ့တစ်နေ့မှာ ပြန်ထုတ်ပေး ရပါတယ်။

နောက်ထပ် အသည့်းရဲ့ တာဝန်တစ်ရပ်ကတော့ ခန္ဓာကိုယ်အတွက် မလိုအပ်တော့တဲ့ ပိုလျှံဟော်မုန်းတချို့ကို ပြန်လည်ဖယ်ရှားပေးရပါတယ်။ အီစထရိုဂျင်ဟော်မုန်း၊ သိုင်းရွက်ဟော်မုန်း၊ စတီးရွိုက်ဟော်မုန်း အစရှိတာတွေကို ပြုပြင်ပြောင်းလဲ ဖယ်ထုတ်ပေးရပါတယ်။ အသည်း မကျန်းမာတော့ဘူးဆိုရင်တော့ ဒီလုပ်ငန်းတွေ မလုပ်ဆောင်နိုင်တော့ဘူးပေါ့ဗျာ။ အရက်သောက်ပြီး အသည်းမကောင်းတဲ့သူတွေမှာ ရင်သားစူလာပြီး ဝှေးစေ့သေးသွားတာဟာ အသည့်းရဲ့ ဒီဟော်မုန်းဖြစ်စဉ်တွေ ကမောက်ကမဖြစ်သွားလို့ပါ။

အသည်းဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တာတွေသိမ်းဆည်းထားပြီး မလိုတဲ့အရာတွေ၊ ဥပါဒ်ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးရတဲ့ အင်္ဂါတစ်ခုပါ။ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေ၊ ပိုလျှံနေတဲ့ ဆေးဝါးတွေ အစရှိတာတွေကို ဖယ်ရှား ပေးရတာဟာလည်း အသည်းရဲ့ အဓိကကျတဲ့ တာဝန်တစ်ခုပါ။ အသည်းကို အဓိက ဒုက္ခပေးမယ့် ဟာတွေကတော့ အရက်တွေ၊ မှိုတက်နေတဲ့ အစားအစာတွေပါပဲ။

မပြောပလောက်တဲ့ အရက်ပမာဏအနည်းငယ်ဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အထောက် အကူပြုကောင်းပြုနိုင်ပါတယ်။ ဒါပေမယ့် ချင့်ချိန်အောင် မသောက်သုံးနိုင်တဲ့အတွက် ၀င်လာသမျှ အရက်တွေကို အသည်းက ဖယ်ရှားပေးရပါတယ်။ အရက်ဟာ အသည်းထဲမှာရှိတဲ့ ဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့  အဆိပ်အပြင်းဆုံး အရည်တစ်မျိုးပါ။ နည်းနည်းသောက်တော့ နည်းနည်းပျက်စီးသလို များများသောက်တော့ များများပျက်စီးရပါတယ်။ ပျက်စီးသွားတဲ့ အသည်းရဲ့ အသည်းဆဲလ် နေရာတွေမှာ တွယ်ဆက်တစ်ရှုးတွေ၊ collagen လို့ ခေါ်တဲ့ အမျှင်တွေဟာ စုဝေးအခြေချလာပါတယ်။ တကယ်ဆိုရင် အသည်းမှာရှိတဲ့ ဆဲလ်တေဟာပျက်စီးသွားရင် အသစ်ပြန်ဖြစ်ပေါ်နိုင်တဲ့ အံ့သြဖွယ်ရာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။ အသည်းအစိတ်အပိုင်း နေရာအချို့ကို ဖြတ်ထုတ်လိုက်ရင် ဆဲလ်အသစ်တွေ အစားထိုး ဖြစ်ပေါ်ပေးပါတယ်။ ဒါပေမယ့် အရက်ကို နှစ်ရှည်လများ စွဲစွဲလမ်းလမ်း သောက်သုံးလာတဲ့အခါမှာတော့ ပြန်လည်အစားထိုးပေးဖို့ဆိုတာ အရမ်းခက်ခဲသွားပါပြီ။ လူကိုအရက်ကနိုင်သွားသလို အသည်းကိုလည်း အရက်က နိုင်သွားပါပြီ။ တစ်ရှုးတွေ အစားထိုးပြီးတဲ့နောက်ပိုင်း အသည်းဟာ တဖြည်းဖြည်း ကျုံ့လာ သေးလာပါတယ်။ ဒါကို အသည်းခြောက်နေပြီလို့လည်း တချို့က သမုတ်ကြပါတယ်။ အရက်ကြောင့် အသဲခြောက်ရုံတင်မကပါဘူး၊ အသည်းယောင်မယ်၊ အသည်းအဆီဖုံးမယ်၊ နောက်ဆုံးအဆင့် အသည်းကင်ဆာအထိတောင် ဦးတည်နိုင်ပါတယ်။ အသည်း မကျန်းမာပြီဆိုတာနဲ့  အထက်ကပြောခဲ့တဲ့ တာဝန်တွေကို အသည်းက အပြည့်အ၀ မထမ်းဆောင်နိုင်တော့ပါဘူး။ အသည်းမရှိရင် လူဟာ အသက်ရှင်လို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါကြောင့် အရက်ကိုမစွန့်နိုင်တဲ့သူအတွက် အသက်ကိုစွန့်ရပြီပေါ့။

အရက်လိုပဲ မှိုတက်နေတဲ့ အစားအစာတွေ၊ ရေစိုပြီး မှိုစွဲနေတဲ့ ငရုတ်သီးခြောက်တွေ ဟာလည်း အသည်းကို ဒုက္ခပေးသေးတာပေါ့ဗျာ။ မှိုထဲမှာပါတဲ့ aflatoxin ဆိုတာ ကင်ဆာဖြစ်စေတတ်တဲ့ အာနိသင်ရှိပါတယ်။ မီးနဲ့ အပူပေးရင်တောင် သူ့ရဲ့ ဆိုးကျိုးက ပျောက်ပျက်မသွားပါဘူး။ ဒီ aflatoxin ဟာလည်း အသည်းကင်ဆာကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့်မို့ မှိုတက်နေတဲ့ အစားအစာတွေကိုလည်း သတိထား ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

အသည်းကျန်းမာရေးကောင်းချင်တယ်ဆိုရင်တော့ အရက်တွေ၊ မှိုတက်နေတဲ့ အစားအစာတွေသာ မကပါဘူး၊ တခြားလိုက်နာရမယ့် နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ အသည်းအဆီဖုံးရောဂါ မဖြစ်စေဖို့ အတွက် အဆီပါတဲ့ အစားအစာတွေ အများကြီး မစားရပါဘူး။ အ၀မလွန်အောင်လည်း ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပြီး နေထိုင်ရပါမယ်။ အသည်းရောင် အသားဝါ အေ ဟာ မသန့်ရှင်းတဲ့ အစားအစာတွေ၊ ရေတွေကနေ ကူးစက်တာဖြစ်တဲ့အတွက် ဒီရောဂါမဖြစ်ဖို့ အစာစားခါနီးတိုင်းနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို စင်ကြယ်အောင်ဆေးရပါမယ်။ အသည်းရောင် အသားဝါ ဘီနဲ့ စီကို ကာကွယ်ဖို့အတွက် ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာတွေ၊ အကာအကွယ်မဲ့ အပျော်အပါးလိုက်စားတာတွေ စတာတွေကို ရှောင်ကြည်ရပါမယ်။ မလိုအပ်ဘဲ မိမိသဘောနဲ့ မိမိ ဆေးဝါး အလွန်အကျွံမသောက်သုံးသင့်ပါဘူး။ ဟင်းသီးဟင်းရွက် အသားငါး မျှတအောင်စားသုံးပေးရပါမယ်။ အထက်ပါအတိုင်း လိုက်နာ နေထိုင်မယ်ဆိုရင်တော့ ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်မှာပါ။ အသည်းဟာ ခန္ဓာကိုယ် အသက်ရှင် ရပ်တည်မှုအတွက် မရှိမဖြစ်လိုအပ်လှတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်နေတဲ့အတွက် ရောဂါမဖြစ်အောင် ကြိုတင်အထူးဂရုစိုက်သင့်လှပါကြောင်း ရေးသားအပ်ပါတယ်။

10 June 2011

ကိုယ်ကာယလှုပ်ရှားခြင်းသည် ဦးနှောက်အတွက် ဆေးတစ်မျိုးဖြစ်




ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများသည် နှလုံး၊ အရိုးကြွက်သားများ၏ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်ကြောင်း သိရှိခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ အားကစား ပြုလုပ်ခြင်းသည် ဦးနှောက်ဆဲလ်များ၏ လုပ်ငန်းဆောင်တာများကိုပါ တိုးတက်ကောင်းမွန်စေနိုင်ကြောင်း သုတေသနပြု လေ့လာ တွေ့ရနေပြီ ဖြစ်သည်။ အဓိက အကြောင်းရင်းတစ်ချက်မှာ BDNF ဟုခေါ်ဆိုသည့် ဦးနှောက်နှင့်ဆိုင်သော ပရိုတင်းတစ်မျိုးကြောင့်ပင် ဖြစ်သည်ဟု အမေရိကန် အားကစား ကျန်းမာရေးကောလိပ်မှ ပါရဂူတစ်ဦးဖြစ်သူ Terry Eckmann က ပြောကြားသွားသည်။ ၎င်းပရိုတင်းသည် ဦးနှောက်အတွင်းပိုင်း hippocampus ဟုခေါ်သည့် နေရာရှိ ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးကြီးထွားမှုနှင့် အာရုံကြောဆဲလ် (neurons) များကြား သတင်းအချက်အလက်များ သယ်ဆောင်မှုကို အထောက်အကူ ပြုပေးသော ပရိုတင်းပင် ဖြစ်သည်။ အားကစားလှုပ်ရှားခြင်းကြောင့် BDNF ပမာဏ များပြားလာပြီး ဦးနှောက်၏ စွမ်းဆောင်ရည်လည်း သာမန်အချိန်ထက် ပိုမိုမြင့်မားလာပေသည်။

ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်ခြင်းကြောင့် အာရုံကြောဆဲလ်များ အတွင်းရှိ dendrites ဟုခေါ်သည့် အာရုံကြောမျှင်များကို ပိုမို သန်စွမ်းစေသည်ဟုလည်း သူက ထပ်မံပြောထားပါသည်။ dendrites အမျှင်များသည် အာရုံကြော ဆဲလ်များအကြား လှုံ့ဆော်မှု လျှပ်စစ်လှိုင်းများကို သယ်ဆောင်ပေးသော အကိုင်းအခက် အလက်များပင် ဖြစ်သည်။ လတ်တလော လေ့လာမှု စစ်တမ်းများအရ ကိုယ်ကာယ လေ့ကျင့်ခန်း များများပြုလုပ်သော ကျောင်းသူ၊ ကျောင်းသားများသည် စူးစိုက်မှုအား ကောင်းရုံမျှမက သင်ယူနိုင်မှု စွမ်းရည်များလည်း တိုးတက်လာကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် လေ့ကျင့်ခန်း လိုက်စားမှုသည် သက်ကြီးရွယ်အို များတွင် တွေ့ရလေ့ရှိသော မှတ်ဉာဏ် ချို့ယွင်းသည့် အယ်လဇိုင်းမား ရောဂါကိုလည်း ကာကွယ်ပေးကြောင်း အတည်ပြုထားပါသည်။ “ကိုယ်ကာယ လှုပ်ရှားမှု လေ့ကျင့်ခန်းတွေဟာ ဦးနှောက်ကိုသာမက ဟောမုန်းတွေနဲ့ ခန္ဓာကိုယ်ရဲ့ နေ့စဉ် တာဝန်တွေကိုလည်း ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။ အားကစား လေ့ကျင့်ခန်းဆိုတာ ဆေးတစ်မျိုးပါပဲ။ ရောဂါကလည်း ကာကွယ်ပေးနိုင်တယ်။ ကုသမှု အနေနဲ့လည်း အသုံးဝင်ပါတယ်”ဟု Eckmann က ထပ်မံ ပြောကြား သွားပါသည်။


10 May 2011

သမီးတို့အရွယ် အသိကြွယ်စေဖို့


ချစ်စွာသော သမီးငယ်
ရွှင်လန်းချမ်းမြေ့ပါစေကွယ်။ သမီးဟာ ခုဆိုရင် တစ်ဆယ်ကျော်ငါးနှစ်စွန်းလို့ မြီးကောင်ပေါက်
အရွယ်ကို ရောက်လာခဲ့ပြီနော်။ ဟိုအရင်သာမန်ကလေးဘ၀နဲ့ မတူညီတဲ့ စိတ်ခံစားမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို သမီးကိုယ်တိုင် ကြုံတွေ့ခံစားနေရပြီလို့ ဖေဖေထင်ပါတယ်။ အပျိုဖော်ဝင်ပြီး အရွယ်ရောက်လာပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်အတွက် သိသင့်သိထိုက်တာတွေ၊ လိုက်နာဖို့  လိုအပ် တာတွေကို ဖေဖေ သမီးကို ပြောပြချင်တယ်၊ ညွှန်ကြားပြသပေးချင်တယ် သမီးငယ်။
တကယ်တော့ သမီးရယ်၊ ဖေဖေတို့ မြန်မာလူမျိုးဆိုတာ အင်မတန်မှကို အရှက်အကြောက်ကြီးသူ
တွေပါ။ ဖေဖေ ခုပြောပြမယ့် အကြောင်းအရာတွေက သမီးတို့လို နုနုငယ်ငယ် အသိမကြွယ်သေးတဲ့ မိန်းကလေးတွေအတွက်တော့ ရှက်စရာလို့  သမီးက ယူဆကောင်း ယူဆလိမ့်မယ်။ တကယ်တော့ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး သမီးရယ်။ မရှက်သင့်တဲ့ နေရာမှာ ရှက်နေကြလို့သာ ဖေဖေတို့ လူမျိုးတွေမှာ တခါတလေ မလိုလားအပ်တဲ့ ရောဂါတွေခံစားနေကြရတာပေါ့။ ကျန်းမာရေးအသိနဲ့ အရှက်တရားကို ကောင်းစွာခွဲခြားပေးပါလို့ သမီးကို ဖေဖေ ပဏာမ ပြောကြားချင်တယ် သမီးငယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေး အသိ သတိ သုတရှိမှသာ ဖေဖေတို့ သမီးတို့ဟာ နောင်ဖြစ်ပေါ်လာမယ့် ရောဂါတွေကို ကြိုတင်တားဆီးနိုင်မှာ မဟုတ်လား သမီးရယ်။

သမီးငယ်၊ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး သဘာဝတရားကြီးက
ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်နေရတယ်။ ပထမဆုံးအနေနဲ့ကတော့ အပျိုဖော်ဝင်စ အရွယ်ကို ရောက်ပြီဆိုကတည်းက လစဉ် ရာသီသွေးပေါ်တဲ့  ဝေဒနာကို ရင်ဆိုင်ရတာပေါ့။ အများအားဖြင့်တော့ အသက် ၁၁ နှစ်အရွယ်ကနေ ၁၆နှစ်အရွယ်အတွင်းပေါ့ကွယ်။ ပျမ်းမျှအားဖြင့်တော့ အသက် ၁၃ နှစ်လို့ သတ်မှတ်လေ့ရှိကြတယ် သမီး။ အရွယ်ရောက်လာတဲ့ မိန်းကလေးတွေမှာ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ အမ ဟော်မုန်းတွေရဲ့ သက်ရောက်မှုကြောင့် ခန္ဓာကိုယ် အင်္ဂါအစိပ်အပိုင်းတွေ ပါ ဖွံ့ဖြိုးလာတာပေါ့။ အဓိကကတော့ သမီးတို့ရဲ့ ဦးနှောက်အောက်ခြေနားရှိတဲ့ ပစ်ကျူထရီဂလင်း (pituitary gland) ကနေ ထုတ်လုပ်လိုက်တဲ့ FSH နဲ့ LH ဆိုတဲ့ ဟော်မုန်း ၂မျိုးကြောင့်ပေါ့။ ဒီဟော်မုန်း ၂မျိုးရဲ့ လှုံ့ဆော်မှုကြောင့် အီစထရိုဂျင်(Estrogen) နဲ့ ပရိုဂျက်စတရုန်း (Progestrone) ဆိုတဲ့ အမ ဟော်မုန်း ၂မျိုး
ထွက်လာရတယ်။ ဒီဟော်မုန်း ၂မျိုးဟာ သမီးတို့ အမျိုးသမီးတွေအတွက် အင်မတန်ကို အရေးပါလာတဲ့ ဟော်မုန်းတွေပဲ ပေါ့ သမီးငယ်။
မမျိုးဥအိမ်ကနေ အီစထရိုဂျင်ဟော်မုန်းကို လုံလုံလောက်လောက် ထုတ်ပေးပြီး ကျောက်ကပ်အပေါ်မှာ ကပ်လျက်ရှိနေတဲ့ အက်ဒရီနယ် ဂလင်းကနေလည်း အနည်းငယ် ထုတ်ပေးပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ သာမန်အချိန်တွေထက် ဟော်မုန်းပမာဏ ပိုထုတ်ပေးတာပေါ့ကွယ်။ အလားတူပဲ မမျိုးဥအိမ်ဟာ ပရိုဂျက်စထရုန်းဟော်မုန်း စစ်ထုတ်ပေးတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ပါသေးတယ်။ ကိုယ်ဝန်သည်တွေ မှာတော့ ပရိုဂျက်စထရုန်းဟော်မုန်းကို ကလေးအချင်းကနေ ထုတ်ပေးပါသေးတယ်။ အထူးသဖြင့်တော့ ကိုယ်ဝန် ၄လလောက် ရှိတဲ့အချိန်က စတာပေါ့ သမီးရယ်။ ဒီဟော်မုန်း ၂မျိုးဟာ အမျိုးသမီးတွေမှာ ဓမ္မတာဖြစ်ပေါ်ခြင်းအတွက် အရေးကြီးသလို ကိုယ်ဝန်ဆောင်တဲ့အချိန်ခါမှာလည်း အလွန်ကို အရေးကြီးတာပေါ့ကွယ်။
သမီးရေ.. လစဉ် ရာသီသွေးသစ် ဖြစ်ပေါ်ခြင်းဆိုတာ တနည်းအားဖြင့်တော့ သန္ဓေသားကို
ဝမ်းနဲ့လွယ်ထားဖို့အတွက် လစဉ်ပြင်ဆင်ခြင်း တစ်မျိုးပါပဲ။ ပုံမှန်အားဖြင့်တော့ ဓမ္မတာစက်ဝန်းဟာ တကြိမ်ကို ၂၈ ရက် ကြာတတ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးတော့ မတူနိုင်ဘူးပေါ့။ ဒိထက်ပိုစောတဲ့အမျိုးသမီးတွေ ရှိသလို ဒိထက်မက နောက်ကျတတ်တဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
ရာသီသွေးဆင်းခြင်းဆိုတာ အချက် ၃ချက်စုစည်းပြီးမှ ဖြစ်ပေါ်လာတာပါ သမီးငယ်။
ဘာတွေလဲဆိုတော့ သားအိမ်အတွင်းသား ထူလာခြင်း၊ ဟော်မုန်းများ စစ်ထုတ်ခြင်းနဲ့ သားအိမ်အတွင်းလွှာ ပြန်ကွာကျခြင်းတွေပေါ့။ အီစထရိုဂျင်ဟော်မုန်းတွေ အရမ်းများလာတဲ့အတွက် သားအိမ်ရဲ့ အတွင်းသားက ထူပြီး အလွှာသစ်သဘော ဖြစ်ပေါ်လာတယ်။ အဲဒီအလွှာသစ်က ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ထဲရှိနေတဲ့ သန္ဓေသားကို အာဟာရပြု ထောက်ပံ့ဖို့ပေါ့ကွယ်။ ဒီအချိန်မှာပဲ မမျိုးဥအိမ်ထဲက မျိုးဥလေးဟာလည်း ရင့်မှည့်လာတော့တာပေါ့။ အဲဒီနောက်တော့ အရွယ်ရောက်လာတဲ့ မမျိုးဥလေးဟာ မမျိုးဥအိမ်ထဲကနေ အောက်ကိုဆင်းလာခဲ့ပြီပေါ့ သမီးငယ်။ ၂၈ရက်တစ်ခါ ရာသီသွေး စီးဆင်းတဲ့အမျိုးသမီးတွေမှာဆိုရင်တော့ ရာသီစက်ဝန်းရဲ့ ၁၄ရက်မြောက်လောက်မှာ မမျိုးဥလေး မမျိုးအိမ်ထဲကနေ မမျိုးဥပြွန်တလျှောက်ကနေ သားအိမ်ထဲကို ထွက်လာခဲ့တယ်၊ တနည်းအားဖြင့် ကြွေကျလာခဲ့တယ်။ ဒါကို မျိုးဥကြွေခြင်းလို့ ခေါ်ကြတာပေါ့ကွယ်။
အဲဒီအချိန်မှာ အိမ်ထောင်သည် အမျိုးသမီးတွေ မိမိတို့ အမျိုးသားနဲ့ အတူနေခဲ့မယ်ဆိုရင်
မမျိုးဥလေးဟာ အမျိုးသားရဲ့ သုတ်ပိုးနဲ့ ပေါင်းစပ် သန္ဓေတည်ပြီး သားအိမ်ထဲမှာ တွယ်ကပ်နေတော့တာပေါ့။
အဲဒီလို တွယ်ကပ်နေဖို့အတွက် ပရိုဂျက်စထရုန်းဟော်မုန်းရဲ့ အကူအညီယူရတာပေါ့။ ဒီဟော်မုန်းကို ရာသီစက်ဝန်းရဲ့ ဒုတိယ ၁၄ရက်မှာ စစ်ထုတ်ပေးပါတယ်။ သူက သန္ဓေအောင်ထားတဲ့မျိုးဥလေးကို သားအိမ်အတွင်းလွှာနံရံမှာ ကပ်စေဖို့  အထောက်အကူပြုပေးတယ်။ ဒါ့အပြင် သားအိမ်ညှစ်တာကို ကာကွယ်ပေးတဲ့အတွက်လည်း မျိုးဥလေးကို သားအိမ်နံရံက ကွာမကျစေအောင် ကာကွယ်ထားတာပေါ့။
သမီးရယ်.. ဥပမာပေးရရင်တော့ သားအိမ်အတွင်းလွှာ အသစ်ဖြစ်ပေါ်တာဟာ မွေ့ယာတစ်ခု
ဖန်တီးပေးထားသလိုပေါ့။ အောက်ကိုဆင်းလာတဲ့ မမျိုးဥနဲ့  အထက်ကိုတက်လာတဲ့  သုတ်ပိုးတို့ မှီိခိုနားနေဖို့အတွက် ကွန်းခိုရာ နေရာတစ်ခုပေါ့။ တကယ်တော့ သားအိမ်အတွင်းသား နံရံဟာ မင်းသားနဲ့ မင်းသမီး တွေ့ဆုံမယ့် ဘုံဗ္ဗိမာန် လေး လိုပဲပေါ့။ဟော်မုန်းတွေဆိုတာကတော့ သူတို့ နှစ်ဦးပေါင်းစပ်ဖို့အတွက် ဘေးကနေ ကူညီထောက်ပံ့ပေးတဲ့ ရပ်ဆွေရပ်မျိုးတွေပေါ့။ အကယ်၍များ မမျိုးဥလေးဟာ သုတ်ပိုးနဲ့  ထိတွေ့ခွင့်မရခဲ့ဘူးဆိုရင် သန္ဓေတည်ခွင့်မရတော့ဘူးပေါ့။ ဒီအခါမှာ သားအိမ်အတွင်းလွှာ မွေ့ယာကြီးဟာ သူ့ပေါ်မှာ နားခိုမယ့် မောင်နှံမရှိတော့တဲ့အတွက် ကွာကျပျက်စီးပေးရတာပေါ့။ အဲဒါကိုပဲ ဓမ္မတာလာခြင်းလို့ ခေါ်ဆိုကြတာပေါ့ သမီးငယ်။ မိန်းမပျိုလေးတွေမှာ လစဉ် ရာသီသွေး ဖြစ်ပေါ်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရာသီမပေါ်တော့တာက အထက်က ဖေဖေပြောခဲ့တဲ့ ဖြစ်ရပ်ကြောင့်ပေါ့။
သန္ဓေအောင်တဲ့ မျိုးဥလေးဟာ သားအိမ်အတွင်းမွေ့ယာပေါ်မှာ တွယ်ကပ်မနေဘဲ မျိုးဥပြွန်တလျှောက်မှာပဲ ဖြစ်ဖြစ်၊ သားအိမ်ခေါင်း၊ မမျိုးဥအိမ် အစရှိတဲ့  နေရာတွေမှာပဲ ဖြစ်ဖြစ် နေရာလွဲပြီး တွယ်ကပ်နေမယ် ဆိုရင်တော့ အဲဒါကို နေရာလွဲသန္ဓေတည်ခြင်း ( Ectopic pregnancy ) လို့ ခေါ်ကြတာပေါ့။ နေရာလွဲ သန္ဓေတည်ခြင်းက အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့အတွက် အမျိုးသမီးတွေအဖို့ အထူးသတိထားရမယ့် ရောဂါတစ်ခုပေါ့ သမီးရယ်။

အမျိုးသမီးတွေအတွက် လစဉ်ရာသီသွေးဆင်းတဲ့ ကိစ္စ၊ ကိုယ်ဝန်လွယ်ဆောင်ရတဲ့ ကိစ္စ ဘာတစ်ခုမှ မလွယ်ကူပါဘူး သမီးရေ။ ဒါကြောင့်မို့လည်း မန်လည်ဆရာတော်ဘုရားကြီးက “စကြာမင်းသမီး၊ ဖြစ်တပြီးလည်း၊ တောင်ကြီးဖ၀ါးအောက်၊ လင်နောက်လိုက်ရ၊ ဂုဏ်နှိမ့်ချလျက်၊ ခယလုပ်ကျွေး၊ သူ့ သွေးသန္ဓေ၊ ဆောင်ထွေစွဲကပ်၊ မီးယပ်သားဖွား၊ ဤငါးပါးတည့်” ဆိုပြီး အာဝေဏိက ဒုက္ခငါးပါးကို ရေးစပ်ခဲ့တာပေါ့။
သမီးရေ၊ ဖေဖေ အထက်က ပြောခဲ့သလိုပဲ မမျိုးဥလေးဟာ သူပေါင်းစပ်ရမယ့်သုတ်ပိုး မရှိဘူးဆိုရင် ရာသီသွေးဆင်းတဲ့ဖြစ်စဉ် ဖြစ်ပေါ်လာတာပေါ့။ သွေးမဆင်းခင်ကာလမှာ ဟော်မုန်းစစ်ထုတ်မှုက လျော့နည်းသွားတော့ သားအိမ်အတွင်းလွှာမှာ ရှိတဲ့ ဆဲလ်တွေကို ဆက်လက်လှုံ့ဆော်မှု မပေးနိုင်တော့ဘူးပေါ့။ အဲဒီနောက်တော့ သွေးနဲ့အာဟာရဓါတ် ထောက်ပံ့မှုတွေလည်း နည်းသွားပြီလေ။ ဒါကြောင့် ဆဲလ်တွေသေကုန် အလွှာကွာကျပျက်စီးသွားတော့တာပဲ။ အောက်ကိုစီးဆင်းသွားတဲ့ သွေးတွေက Fibrinolysin ဆိုတဲ့ ဟော်မုန်းတမျိုးကြောင့် သွေးခဲလေ့မရှိဘဲ သွေးအရည်တိုင်း စီးဆင်းသွားတာပေါ့။
အကယ်၍များ သွေးပမာအရမ်းများနေရင်တော့ Fibrinolysin က လုံလောက်မှုမရှိတော့တဲ့အတွက် သွေးခဲတွေ ဆင်းလာတတ်တယ်။ ဒါဆိုရင်တော့ အထဲမှာ ပြဿနာ တစ်ခုခုများ ရှိနေမလားလို့  စဉ်းစားရတာပေါ့။
ပုံမှန်အားဖြင့်တော့ ရာသီသွေးပေါ်ခြင်းဟာ တစ်ကြိမ်ကို ၃ရက်ကနေ ၅ရက်ဝန်းကျင်လို့ သတ်မှတ်ထားပေမယ့် တချို့လူတွေမှာတော့ အနည်းဆုံး ၂ ရက်ကနေ အများဆုံး ၇ရက်ထိ ကြာမြင့်တတ်ပါတယ်။
တချို့ အမျိုးသမီးတွေမှာတော့ ရာသီစက်ဝန်း ရက်မမှန်တာတွေ၊ လကျော်တာတွေ၊ ရာသီလာစဉ်
နာကျင်ကိုက်ခဲတာတွေ တွေ့ရတတ်တယ် သမီးငယ်။ အဓိကကတော့ အစားအသောက်မမှန်တဲ့သူတွေ၊ လေ့ကျင့်ခန်း များများလုပ်နေတဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေ နဲ့ အရမ်းကို ပိန်နေတဲ့သူတွေမှာ အဖြစ်များတာပေါ့။ ဒါကြောင့်မို့ သမီးတို့ မိန်းကလေးတွေအနေနဲ့ အနေအထိုင် အစားအသောက်နဲ့စိတ်ဖိစမီးမှုမရှိအောင် ဂရုပြုနေထိုင်ဖို့လိုအပ်တာပေါ့။ ရာသီသွေးပေါ်နေစဉ် နာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့
ဝမ်းဗိုက်အောက်ပိုင်းကို ခပ်နွေးနွေးဖြစ်အောင်ထားရမယ်။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ တို့ဟူး၊ ပဲပြား၊ ဂျင်း၊ ငှက်ပျောသီးနဲ့ Omega 3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ တူနာငါး အစာရှိတာတွေကို များများစားပေးဖို့လိုတယ်။ လိုအပ်မယ်ဆိုရင်တော့ ရာသီမလာခင် ၂ရက်နဲ့ လာပြီး ၂ရက်မှာ ဗီတာမင် အီး၊ ဗီတာမင် ဘီ၊ ကယ်လ်စီယမ် အရှိတဲ့ ဆေးဝါးတွေကို ဖြည့်စွက်စားပေးသင့်တာပေါ့။ အချို့သော အကိုက်အခဲပျောက်ဆေးတွေကလည်း နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ တခါတလေမှာ မမျိုးဥအိမ်ကနေ လုံလောက်တဲ့ အီစထရိုဂျင် ဟော်မုန်းပမာဏကို မထုတ်ပေးနိုင်လို့ ရာသီသွေးမဖြစ်ပေါ်တာမျိုးလည်း ရှိတတ်တယ် သမီးငယ်။ ဒါကြောင့်မို့ အီစထရိုဂျင်ဟော်မုန်းဟာ အမျိုးသမီးတွေအတွက် အမြဲတမ်း အရေးပါအရာရောက်တဲ့ ဟော်မုန်းတစ်ခုပေါ့။
အီစထရိုဂျင်ဟာ ရာသီသွေးဖြစ်ပေါ်ဖို့ အတွက်သာမကပါဘူး၊ သမီးတို့မိန်းကလေးတွေအတွက်
တခြားနေရာကနေလည်း အများကြီး အကျိုးပြုပေးတဲ့ ဟော်မုန်းတစ်ခုပါ။ အမျိုးသမီးအင်္ဂါတွေ ဖွံ့ဖြိုးတိုးတက်စေတာကလည်း ဒီဟော်မုန်းကြောင့်ပေါ့။ အီစထရိုဂျင်ဟာ အရိုးအဆစ်တွေကိုလည်း
ဖွံဖြိုးကြီးထွားစေတယ်၊ အရိုးသိပ်သည်းဆကိုလည်း များစေပါတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေမှာဆိုရင် မမျိုးဥအိမ်က အီစထရိုဂျင်မထုတ်နိုင်တော့တဲ့အတွက် အရိုးတွေကို ပျော့စေတယ်၊ ကျိုးလွယ်စေတယ်။
ဒါကြောင့်မို့ တချို့သော သွေးဆုံးတဲ့ အမျိုးသမီးတွေမှာ ဟော်မုန်းအစထိုးကုသမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်တာပေါ့ သမီးငယ်။ အီစထရိုဂျင်ဟာ တင်ပါးနဲ့ ပေါင်တွေရှိ တစ်ရှုးတွေမှာ အဆီတွေကိုလည်း စုစေလို့ မိန်းမပုံစံ ပိုမိုပီသစေတာပေါ့။ ဒါ့အပြင် သမီးတို့ အရေပြားတွေ နုနယ်လှပစေတတ်တာလည်း အီစထရိုဂျင်ကြောင့်ပေါ့ သမီးရယ်။
သမီးရေ၊ အသက်ကြီးလို့ သွေးဆုံးသွားပြီဆိုရင်တော့ မမျိုးဥအိမ်က ဟော်မုန်းတွေ
မထုတ်နိုင်တော့ဘူး။ တနည်းအားဖြင့် မမျိုးဥအိမ်လောင်ကျွမ်းခြင်းလို့လည်း တင်စားခေါ်ဝေါ်ကြတယ်။
ဒီအခါမှာ အီစထရိုဂျင်လျော့နည်းတဲ့ လက္ခဏာတွေ ခံစားလာရမယ်။ အရေပြားတွေ နီမယ် ပူမယ်၊
ဂနာမငြိမ်တာတွေ စိတ်အလိုမကျတာတွေဖြစ်မယ်၊ အသက်ရှုကြပ်နေသလို ပင်ပန်းနွမ်းနယ်နေသလိုလည်း
ခံစားရတတ်တယ်။ ဒါတွေဟာ သွေးဆုံးပြီး အမျိုးသမီးတွေ ခံစားရတတ်တဲ့ ဝေဒနာတွေပေါ့ကွယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ အီစထရိုဂျင် ဖြည့်စွက် အစားအစာတွေ ပိုမိုစားသုံးဖို့လိုတယ် သမီးရဲ့။ ပဲပြား၊ ပဲပိစပ်၊ ပဲနို့ရည်၊ ပဲငပိ၊ ရွှေပဲသီး အစရှိတာတွေကိုလည်း ပိုမို စားသုံးပေးသင့်တယ်။ ဒါမှသာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်မှာ ဖြစ်တယ် သမီးငယ်။
သမီးရေ၊ အမျိုးသမီးတွေမှာ နောက်ထက်ဖြစ်လေ့ရှိတတ်တာကတော့ အဖြူဆင်းခြင်းပဲ။
အဖြူဆင်းတာဟာ ကျန်းမာနေသူရော မကျန်းမာသူမှာပါ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ပုံမှန် အဖြူဆင်းတယ်ဆိုရင်တော့ အရောင်က ကြည်နေမယ်၊ အဖြူရောင်ပါးပါး ဖြစ်ဖြစ် ဒါမှမဟုတ်
အ၀ါရောင်ဘက်ကို သမ်းနေနိုင်တယ်။ ရောဂါပိုးကြောင့် အဖြူဆင်းတယ်ဆိုရင်တော့ အရောင်လည်း
ပိုနောက်လာတယ်။ ဒိန်ခဲလို ပိုပြစ်လာတယ်။ အနံ့နံတာတွေ၊ ယားယံတာတွေလည်း ဖြစ်လာမယ်၊ဆီးသွားတဲ့အခါ အရေပြားပူတာတွေပါရှိလာနိုင်တယ်။ ဒီလိုဝေဒနာတွေ ခံစားရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး ထိရောက်တဲ့ ဆေးဝါးကုသမှုတွေ ခံယူဖို့ လိုအပ်တာပေါ့ကွယ်။ အထူးသဖြင့်တော့
ရာသီသွေးစီးဆင်းနေချိန်ဟာ ရောဂါပိုးဝင်နိုင်ဖို့  အခွင့်အလမ်းများတဲ့အတွက် အဲဒီအချိန်မှာ ပိုမိုပြီးတော့ဂရုစိုက်သင့်လှပါတယ်။ ရောဂါဖြစ်လာရင်လည်း ရှက်ရွံ့မနေသင့်ဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို မေးမြန်းဖို့လိုအပ်လှတယ်။ မရှက်သင့်တာတွေကို ရှက်နေရင် အပ်နဲ့ထွင်းရမယ့် ကိစ္စက ပုစိန်နဲ့ ထွင်းရမယ့် အခြေအနေထိ ဖြစ်သွားနိုင်တာပေါ့။ အထူးသဖြင့်တော့ အိမ်ထောင်မရှိသေးတဲ့ သမီးတို့လို မိန်းကလေးတွေအတွက် ဖေဖေအထူးမှာချင်တာပါ။
သမီးရေ၊ သမီးတို့ မိန်းကလေးတွေရဲ့ တစ်လတကြိမ်ရာသီသွေးပေါ်တဲ့  ကိစ္စက ၀ဋ်ကြွေးတစ်ခုလို့ တချို့က သတ်မှတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူးသမီးရယ်။ ကမ္ဘာပေါ်မှာ အမျိုးသားတွေသာမကဘူး၊ သန္ဓေလွယ်မီးဖွားနိုင်တဲ့ အမျိုးသမီးတွေရှိလို့သာ လူသားမျိုးဆက် ဆက်လက်ရပ်တည်နေနိုင်တာပေါ့။ တကယ်တော့ အမျိုးသမီးတွေဟာ မိခင်လောင်းတွေပါ။ ၀မ်းကြာတိုက်မှာ ရင်သွေးကို ၉လ၁၀လလွယ်ပြီး ဒုက္ခခံ မွေးဖွားပေးနိုင်တဲ့ အတွက် အမျိုးသမီးတွေဟာ လေးစားထိုက်လှပါတယ်။ မိမိနိုင်ငံ ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အဖိုးထိုက်တန်မိန်းကလေးတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ ကျန်းမာရေးအသိကြွယ်ပြီး ပုခက်လွှဲတဲ့ လက်တစ်စုံကို ပိုင်ဆိုင်သော တော်ဝင်မိန်းမသားတစ်ယောက် ဖြစ်အောင် နေထိုင်ကျင့်ကြံနိုင်ပါစေလို့ ဖေဖေဆုတောင်းပေးလိုက်ပါတယ် သမီးငယ်။
သမီးရဲ့ ချစ်ဖေဖေ
ဒေါက်တာအောင်

14 March 2011

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 

ရှောင်တခင်ခုချက်ချင်း 

လျှင်းမရပါ။ 

များသူတို့အိပ်နေရာ 

ညခါပင် သူမနား 

အမြင့်ကို သူမြင်လို့ 

သူအစဉ်နှစ်ဆတိုးလို့ရယ် 

ကြိုးကုတ်လေသား။
 
(ပြည်တွင်း၊ ပြည်ပသာသနာပြု ဘာသန္တရစွယ်စုံ ပညာရှင် အရှင်ဥာဏိက-မြောင်းမြ)

04 March 2011

အ၀လွန်ခြင်း ပြဿနာ(၃)

အ၀လွန်ခြင်း ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိသလို အ၀လွန်ခြင်းကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း တပုံတပင်ကြီးပါ။ အ၀လွန်ခြင်းက ရောဂါတစ်ခုမဟုတ်ပေမယ့် သူကိုယ်တိုင်ကတော့ ရောဂါပေါင်းမြောက်များစွာကို ဖိတ်ခေါ်လျှက်ရှိပါတယ်။ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေက လူ့အသက်ကိုတောင် ရန်ရှာစေနိုင်တဲ့ ရောဂါတွေပါ။
အ၀လွန်လာရင် သွေးကြောထဲမှာ အဆီတွေစုလာမယ်၊ တဖြည်းဖြည်းနဲ့ ကြာလာတော့ မကောင်းတဲ့ အဆီတွေက လူကိုဥပါဒ်ပေးတော့တာပါပဲ။ နှလုံးသွေးကြောထဲမှာ အဆီတွေစုနေတော့ နှလုံးကို အောက်ဆီဂျင် အာဟာရ ထောက်ပံ့တာတွေနည်းသွားမယ်၊ ရင်ဘတ်အောင့်ပြီး နှလုံးသွေးကြောကျဉ်းတဲ့  ရောဂါတွေ ခံစားလာရမယ်။ အလိုလိုနေရင်းမောလာမယ်။ နေ့စဉ်လုပ်ဆောင်နေကြအလုပ်တွေလည်း မလုပ်နိုင်ဖြစ်လာမယ်။ အခန့်မသင့်ရင် အသက်အန္တရယ်ကိုတောင် ထိခိုက်လာစေနိုင်ပါတယ်။ 

သွေးကြောမှာ အဆီတွေပိတ်နေတော့လည်း သွေးပေါင်တက်လာမယ်၊ သွေးတိုးရောဂါ ခံစားရတတ်တယ်။ စမ်းချောင်းတစ်ခုလိုပါပဲ၊ ပုံမှန် ရေပမာဏနှုန်းထားနဲ့  စီးနေတဲ့ ချောင်းတစ်ခုမှာ အမှိုက်သရိုက်တွေ ပိတ်စို့သွားရင် ရေစီးမြန်လာသလိုပဲ သွေးကြောထဲမှာလည်း အဆီတွေပိတ်စို့လာတော့ သွေးဖိအားက အလိုလိုအလျောက်တက်လာတော့တာပေါ့။ သွေးတိုးရောဂါ ဖြစ်လာရင် နှလုံးရောဂါတင်မကပါဘူး၊ ကျောက်ကပ် ဦးနှောက် စတဲ့  အစိတ်အပိုင်းတွေကို မီးခိုးကြွက်လျှောက် ဒုက္ခပေးနိုင်ပါတယ်။
အ၀လွန်တဲ့သူတွေဟာ လေဖြတ်ဖို့ လည်း အလားအလာများပါတယ်။ ဦးနှောက်ကို ထောက်ပံ့တဲ့  သွေးလွှတ်ကြောတွေထဲမှာ အဆီတွေပိတ်သွားရင် အဲဒီသွေးကြောထောက်ပံ့နေတဲ့ သက်ဆိုင်ရာ ဦးနှောက် အစိတ်အပိုင်းက အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒီအခါမှာ ခန္ဓာကိုယ် အောက်ပိုင်းသေခြင်း၊ ကိုယ်တပိုင်းသေခြင်း အစရှိတဲ့ ရောဂါဝေဒနာတွေ ၀င်လာနိုင်ပါတယ်။
ဝမ်းဗိုက်အဆီအရမ်းများလွန်းနေတဲ့ သူတွေဟာ အမျိုးအစား(၂) ဆီးချိုရောဂါ ခံစားရဖို့ လည်း အလားအလာရှိပါတယ်။ အမျိုးအစား(၂)ဆီးချို ဆိုတာကတော့ ကိုယ်ခန္ဓာမှာ အင်ဆူလင်တုံ့ပြန်မှုမရှိတဲ့ ရောဂါတစ်ခုပါ။ ဒီဆီးချိုဝေဒနာရှင်စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အ၀လွန်ခြင်း ခံစားနေရတဲ့ သူတွေပဲ ဖြစ်ပါတယ်။
အရမ်းဝနေတဲ့ လူတွေမှာ အဆုတ်နဲ့ဆိုင်တဲ့ပြဿနာတွေလည်း ခံစားတတ်ရပါတယ်။ သာမန်လူ တွေထက် ခန္ဓာကိုယ်မျက်နှာပြင် ဧရိယာ ပိုများတဲ့ အတွက် ၎င်းတို့မှာ အသက်ရှုရတာ ပိုမို ခက်ခဲပါတယ်။ ညအိပ်ပျော်နေချိန်မှာလည်း အိပ်ပျော်နေစဉ် အသက်ရှုရပ်ခြင်းဝေဒနာ (sleep apnea) ကိုလည်း ခံစားရလေ့ရှိပါတယ်။
အ၀လွန်တဲ့ သူတွေဟာ သည်းခြေကျောက်တည်တဲ့ ရောဂါခံစားရဖို့လည်း အခွင့်အလမ်းများပါတယ်။ အ၀လွန်တဲ့သူတွေမှာဆိုရင် သည်းခြေရည်ထဲကို ကိုလက်စထရောစစ်ထုတ်လိုက်တဲ့ ပမာဏဟာ သာမန်လူတွေမှာထက်ပိုများနေပါတယ်။ ဒါကြောင့်မို့ သည်းခြေရည်ဟာ ပျစ်လာပြီး အချိန်ကြာလာတာနဲ့ အမျှ သည်းခြေကျောက်တည်လာနိုင်ပါတယ်။ သည်းခြေကျောက်အမျိုးအစား အမျိုးမျိုးရှိပေမယ့်  အ၀လွန်တဲ့သူ တွေမှာတော့ ကိုလက်စထရောကြောင့်ဖြစ်တဲ့ ကျောက်က အဖြစ်အများဆုံးဖြစ်ပါတယ်။
အ၀လွန်ခြင်းဟာ  ကင်ဆာဝေဒနာတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ အမျိုးသားတွေမှာ အစာရေမျိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများ ခံစားရနိုင်ပြီး အမျိုးသမီးတွေမှာဆိုရင်တော့ ရင်သားကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ မမျိုးဥကင်ဆာ အစာရှိတာတွေ ဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။
အထက်ပါရောဂါတွေအပြင် တခြားဖြစ်ပေါ်လာနိုင်တဲ့  ရောဂါတွေလည်း ရှိပါသေးတယ်။ အ၀လွန်လူတွေဟာ မျိုးပွါးခြင်းဆိုင်ရာ ချို့ယွင်းမှုများလည်း ရှိနေနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ကျားဟော်မုန်းဖြစ်တဲ့ တက်ထြိုစထရုန်း ပမာဏနည်းသွားနိုင်ပြီး သားသမီးရဖို့ အခွင့်အရေးနည်းသွားပါမယ်။ အမျိုးသမီးတွေမှာဆိုရင်လည်း မမျိုးဥ မကြွေခြင်း၊ ရာသီသွေးမမှန်ခြင်း အစရှိတဲ့ မျိုးပွါးခြင်းဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အ၀လွန်သူတွေဟာ ခန္ဓာကိုယ်အလေးချိန်ပိုမို ထမ်းဆောင်နေရတဲ့အတွက် အဆစ်အမြစ်တွေမှာလည်း ထိခိုက်ရောဂါရနိုင်ပါတယ်။ အဓိကအားဖြင့်တော့ အဆစ်အမြစ်ရောင်တဲ့ရောဂါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
လူတစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ ဝသထက်ဝလာပြီဆိုရင် အလေးချိန်ပြန်ချဖို့ ခက်ခဲလှပါတယ်။ ဒီ့အတွက် မ၀မှီကတည်းက အလေးချိန်ကို သေချာထိန်းထားဖို့လိုပါတယ်။ မိမိမျိုးရိုးထဲမှာ အ၀လွန်တဲ့ မျိုးရိုးရာဇ၀င်ရှိမယ်ဆိုရင် ပိုမိုဂရုစိုက်သင့်ပါတယ်။ အ၀လွန်ဝေဒနာခံစားနေရပြီဆိုရင် သာမန်ထက်ပိုပြီး လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်ပေးပါ။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း အစရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို မိမိတတ်နိုင်သလောက်ကစပြီး တဖြည်းဖြည်းချင်းတိုးလုပ်ပေးပါ။ မိမိတို့စားတဲ့အစာထဲမှာ အဆီပမာဏလျှော့ချစားသုံးပါ။ ထမင်းဟင်းအဆီအသားထက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ဖြည့်စွက်စားပေးပါ။ အဆီများတဲ့ အစားအစာတွေ ဖြစ်တဲ့ အမဲသား၊ ၀က်သား၊ မြေပဲ၊ ကွေကာ၊ ထောပတ်၊ ချောကလက်၊ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ဟမ်ဘာဂါ၊ ဥအမျိုးမျိုး အစရှိတာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ အစိမ်းရောင်ရှိ လတ်လတ်ဆတ်ဆတ် အသီးအရွက်များကို ပိုမိုစားပေးပါ။  ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ အစရှိတဲ့ သစ်သီးတွေကလည်း ကယ်လိုရီပါဝင်မှု နည်းပါးတဲ့  အစားအစာတွေဖြစ်ပါတယ်။ 

အဓိကအချက်ကတော့ ခန္ဓာကိုယ်က နေ့စဉ်လှုပ်ရှား အသုံးပြုလိုက်တဲ့ စွမ်းအင်(energy)ဟာ နေ့စဉ်စားလိုက်တဲ့ အာဟာရကယ်လိုရီထက် ပိုများနေဖို့ပဲ ဖြစ်ပါတယ်။ ၀င်တဲ့ပမာဏထက် ထွက်တဲ့ ပမာဏ ပိုများနေဖို့လိုပါတယ်။ အ၀လွန်ခြင်းအတွက် ဆေးဝါးတွေရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေအရ ရေရှည်သောက်သုံးဖို့ မဖြစ်နိုင်ပါဘူး။ Amphetamines ၊ Sibutramine အစရှိတဲ့ဆေးဝါးတွေဟာ အစာစားချင်စိတ်ကို ဖိနှိပ်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် ဦးနှောက်အာရုံကြောအဖွဲ့အစည်းကို ပိုမိုလှုံ့ဆော်တဲ့ အတွက် ဂဏာမငြိမ်ဖြစ်ခြင်း၊ သွေးဖိအားတက်ခြင်း အစရှိတဲ့ ဆိုးကျိုးတွေပါ ခံစားရ တတ်ပါတယ်။ Orlistat ဆိုတဲ့ ဆေးကတော့ အစာလမ်းကြောင်းမှာ အဆီဖြိုခွဲစုပ်ယူခြင်းကို တားမြစ်တဲ့ ဆေးဖြစ်ပါတယ်။ သူ့ရဲ့ ဆိုးကျိုးကတော့ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် အေ၊ဒီ၊အီး၊ကေ စတဲ့ ဗီတာမင်ပမာဏ သွေးထဲမှာ ကျဆင်းစေနိုင်ပါတယ်။ ဆေးတွေကို သူ့ အချိန်အဆနှင့်သူ မသောက်သုံးဘူးဆိုရင် လူကို အန္တရာယ်ဖြစ်စေတဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီးမှ သောက်သုံးသင့်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အ၀မလွန်ခင်မှာ နေ့စဉ်အာဟာရ မျှတမှုရှိအောင် ချင့်ချိန်စားသုံးပါ။ ၀လာပြီဆိုရင်လည်း သာမန်အချိန်ထက် အားကစားလေ့ကျင့်ခန်းများ ပို၍ လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက အ၀လွန်ခြင်းအတွက် အရေးအကြီးဆုံး ကုသမှု တစ်ရပ်ဖြစ်တယ်ဆိုတာကို အဓိကထား ပြောကြားလိုပါတယ်။ အားလုံးပဲ ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဒေါက်တာအောင်အောင်( 20th Jan, 2011)

01 March 2011

ခေါင်းစဉ်မဲ့

ငါသိငါတတ် ငါသာမြတ်ဟု
အရပ်ကြွေးကြော်
ငါပြုသော်လည်း သရော်ခြင်းသာခံရမည်။ 
ငါ့ကိုလာကျော ငါ့မကောနှင့်
ငါ့ပြန်ပြောသူ ငါ့ရန်သူဟု 
ငြူစူစိတ်ပုတ် အကျင့်ယုတ်လျှင်
နောက်ဆုတ်ငါပြေးရလိမ့်မည်။ 

ရေးသားသူကိုတော့ မသိပါ။ အင်တာနက်မှာ ဖတ်မိတာလေးကို
သိမ်းဆည်းထားခြင်းဖြစ်ပါသည်။




13 January 2011

အ၀လွန်ခြင်း ပြဿနာ(၂)

ဒီတခါ ဘယ်လိုလူတွေမှာ အ၀လွန်ခြင်းဖြစ်မလဲ၊ ဘာတွေကြောင့် အ၀လွန်ခြင်း ဖြစ်မလဲ .. အဖြေထုတ်ကြည့်ရအောင်........

(၁) အသက်
ပထမ တစ်ချက်ကတော့ အသက်ပါပဲ။ အသက်ကြီးလာလေလေ ၀လာဖို့ အတွက် အခွင့်အလမ်း များလေပါပဲ.၊အသက်ကြီးလာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေက နှေးကွေးလာမယ်။ ခန္ဓာကိုယ်က ကယ်လိုရီ လိုအပ်တဲ့  ပမာဏကလည်း လျော့နည်းလာပါတယ်။ ဒါကြောင့်မို့ အစားအသောက် ပိုမစားပေမယ့်လည်း အသက်ကြီးလာရင် ၀လာနိုင်ပါတယ်။ နောက်တစ်ခုက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး ၀လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုသားတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုဟာ အမျိုးသမီးတွေထက်ပိုနေလို့ပါ။ ဒ့ါအပြင် အမျိုးသမီးတွေ သွေးဆုံးပြီးတဲ့ နောက်ပိုင်းမှာ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှု နှုန်းဟာ ကျဆင်းလာပါတယ်။ ဒိအတွက်လည်း သွေးဆုံးပြီးနောက်ပိုင်းအရွယ် အမျိုးသမီးများဟာ ပိုမိုဝလာနိုင်ပါတယ်။

(၂) မျိုးရိုးဗီဇ
ဒုတိယတချက်ကတော့ မျိုးရိုးလိုက်တာပါပဲ။ မိဘဟာ အရမ်းဝနေတယ်ဆိုရင် သားသမီးတွေ မှာလည်း ၀လာနိုင်ပါတယ်။သင့်ရဲ့ မျိုးရိုးဗီဇ(genes) ဟာ သင့်ခန္ဓာကိုယ်မှာ အဆီဘယ်လောက် သိမ်းဆည်းထားနိုင်တယ်၊ ဘယ်လောက်သယ်ဆောင်ထားနိုင်တယ်ဆိုတာ သက်ရောက်မှု ရှိနေပါတယ်။ ဒါ့အပြင် မိဘရဲ့ စရိုက်လက္ခဏာတွေဟာလည်း သားသမီးအပေါ် ကူးစက်လေ့ရှိပါတယ်။ ပုံမှန်ထက်များများပိုစားပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မရှိတဲ့ အ၀လွန်မိဘတွေရဲ့ သားသမီးတွေဟာ ၎င်းတို့ကိုယ်တိုင်မှာလည်း အဲဒီစရိုက်တွေကြောင့် အ၀လွန်ခြင်း ဖြစ်ပေါ်ဖို့  အခွင့်အလမ်း ပိုများနေပါတယ်။ အဲဒီလိုပဲ ကျန်းမာမျှတအောင်စားသုံးပြီး လေ့ကျင့်ခန်း လိုက်စားမှုရှိတဲ့ မိဘတွေရဲ့ သားသမီးတွေမှာတော့ အ၀လွန်ခြင်း ဖြစ်ပေါ်ဖို့ ခဲယဉ်းနေနိုင်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
ခေတ်ရေစီးကြောင်းအရ တီဗွီ၊ ဗွီဒီယို၊ ကွန်ပျူတာ တွေက အပန်းပြေ ဖျော်ဖြေမှု တစ်ခုလိုပဲ နေရာယူလာပါတယ်။ လှုပ်လှုပ်ရှားရှား သွားလာခြင်းမရှိဘဲ တီဗီ ကွန်ပျူတာ ၊ ဂိမ်းစက်တွေ ရှေ့မှာ အချိန်များများထိုင်နေမယ် ဆိုရင်လည်း တဖြည်းဖြည်းနဲ့  ၀လာနိုင်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာဆိုရင် လှုပ်လှုပ်ရှားရှား နေထိုင်ခြင်းမရှိလို့ အ၀လွန်ခြင်း ဝေဒနာ ခံစားလာရတာက ပြဿနာတစ်ရပ်လိုဖြစ်နေပါတယ်။ အနီးအနား သွားလာနိုင်ဖို့ အတွက် မော်တော်ကားများ အသုံးပြုခြင်း၊ အ၀တ်လျှော်စက်၊ ပန်းကန်ဆေးစက် စတဲ့ ပစ္စည်းတွေတီထွင်လာနိုင်ခြင်းနဲ့  online shopping စနစ်ပေါ်ပေါက်လာခြင်းတို့ ကလည်း အ၀လွန်ခြင်းကို စိန်ခေါ်နေဦးမယ့် အရာတွေ ဖြစ်ပါတယ်။

(၄)အိပ်ရေးပျက်ခံခြင်း
ကလေးများနဲ့ လူကြီးတွေကို သုသေတန လေ့လာကြည့်လိုက်တဲ့အခါမှာ ပုံမှန် အိပ်စက်ချိန်မရှိခြင်းဟာ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ ပုံမှန်လူသားတွေအနေနဲ့ ညဘက်အိပ်စက်နေချိန်မှာ Ghrelin နဲ့ Leptin ဆိုတဲ့ ဟော်မုန်း ၂မျိုးထွက်လေ့ရှိပါတယ်။ ခန္ဓာကိုယ်မှာ Ghrelin ကို အဓိကအားဖြင့် အစာအိမ်နဲ့ မုန့်ချိုအိတ်(pancreas)မှ ထုတ်လုပ်ပြီး ဒီဟော်မုန်းဟာ ဗိုက်ဆာစေတတ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ Leptin ဟော်မုန်းကိုတော့ အဆီတစ်ရှုးတွေကနေ ထုတ်လုပ်ပြီး သူကတော့ Ghrelin နဲ့ ဆန်ကျင့်ဘက် ဆာလောင်မွတ်သိပ်မှုကို ဖိနှိပ်တဲ့ ၊ ဗိုက်မဆာစေတဲ့ ဟော်မုန်း ဖြစ်ပါတယ်။ ဒီဟော်မုန်း ၂မျိုးရဲ့ အချိုးကျမှုဟာ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ထိန်းထားနိုင်မှုပေါ် သက်ရောက်နေပါတယ်။ နေ့စဉ် အနည်းဆုံး ၆နာရီမှ ၈နာရီထိ အိပ်စက်မယ်ဆိုရင် ဒီဟော်မုန်း ၂ခုရဲ့ ပမာဏဟာ မျှတနေပါတယ်။ အကယ်၍ သင်ဟာအမြဲလိုလို အချိန်မှန် မအိပ်စက်ဘူးဆိုရင်တော့ ဒီဟော်မုန်း ၂ခုဟာ ပုံမှန် မလုပ်ဆောင်နိုင်တော့ပါဘူး၊Ghrelin ပမာဏဟာ များလာပြီး Leptin ပမာဏဟာ များလာတဲ့အတွက် သင်ဟာ သာမန်ထက်ပိုစားပြီး အ၀လွန်ခြင်း ဝေဒနာ ခံစားလာနိုင်ပါတယ်။ တနေ့လျှင် ငါးနာရီပဲ အိပ်တဲ့သူဟာ တနေ့လျှင် ၇ နာရီမှ ၈နာရီအတွင်း အိပ်စက်တဲ့သူထက် ပိုမို ၀လာနိုင်ဖို့  အလားအလာရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

(၅)ရောဂါနှင့်ဆေးဝါးများ
သိုင်းရွက်ဟော်မုန်း လျော့နည်းသည့်ရောဂါ(hypothyodrism)၊ စိတ်ကျရောဂါ၊ အင်ဆူလင် အလုံးဖြစ်ပေါ်ခြင်း(insulinoma)၊စတီးရွိုက်ဟော်မုန်း များနေသည့် ကူးရှင်းရောဂါစု(Cushing syndrome) ၊ မမျိုးဥအိမ်တွင် အိတ်များဖြစ်ပေါ်နေတဲ့ ရောဂါစု(Polycystic ovary syndrome) အစရှိတဲ့ ရောဂါတွေ ကြောင့်လည်း အ၀လွန်ဝေဒနာ ခံစားရတတ်ပါတယ်။ ဆေးဝါးတွေအနေနဲ့ စတီးရွိုက်ပါသော ဆေးဝါးများ၊ စိတ်ကျရောဂါ ပျောက်ဆေးများနဲ့ သန္ဓေတားဆေးများဟာ အ၀လွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အခြားသော အချက်တွေအနေနဲ့ကတော့ အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ပြီးတဲ့ နောက် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ကိုယ်ဝန်တစ်ခါဆောင်ပြီးတိုင်း အလေးချိန် ၄ပေါင်မှ ၆ ပေါင်ခန့်  တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။ ဆေးလိပ်သောက်သူတွေမှာလည်း ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ် အလေးချိန် အနည်းငယ်တက်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ စားလိုက်တဲ့ အစာအာဟာရတွေက ပိုမို အရသာရှိစေတတ်လို့ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း ဟာ ခန္ဓာကိုယ်မှာ ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် ကယ်လိုရီလောင်ကျွမ်းမှု ပမာဏ လျော့နည်းပြီးအလေးချိန် တက်လာစေခြင်း ဖြစ်ပါတယ်။ ဒါပေမယ်လို့လည်း ဆေးလိပ်ဖြတ်လို့ ကိုယ်အလေးချိန်အနည်းငယ် တက်လာခြင်းထက် ဆေးလိပ်သောက်လို့  ဖြစ်ပေါ်လာတဲ့ ရောဂါတွေက ပိုမို ဆိုးဝါးစေနိုင်တဲ့အတွက် ဆေးလိပ်ကိုတော့ ဖြတ်သင့်လှပါတယ်။

(ဆက်ပါဦးမည်)
အောင်အောင်


11 January 2011

သူနာပြုဘုရား


ကိုယ်ရိပ်သဏ္ဍန်၊ ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့။
ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာဘုရား တွေ့ပါသတည်း။
အမိသည်သား၊ ပြုသောလားသို့
ဘုရားမြတ်မွန်၊ ညီအာနန်ကို
ချိုးရန်ရေတောင်း၊ စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင်ဘုရား၊ လက်တော်ထားကာ
ညီဘွားခြေက၊ ပြိုင်တူမလျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စက်စေသတည်း။
ထို့နောက်ရှင်တော်၊ စည်းဝေးခေါ်ကာ
မြွက်ဖော်စကား၊ မိန့်တော်ကြား၏
မိခြားဖဝေး၊ တစ်ရပ်ကျေးတွင်
ချိုအေးကြည်သာ၊ တရားရှာသည့်
များစွာအပေါင်း၊ ရဟန်းကောင်းတို့
ညံပျောင်းကြည်ဖြူ၊ နာသောသူကို
ငါ့တူကြင်နာ၊ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။
မင်းသုဝဏ်

(ဤကဗျာလေးအား ကိုပြည့်စုံအောင်ထံမှ ရရှိပါသည်)

07 January 2011

အ၀လွန်ခြင်း ပြဿနာ(၁)

         
           အ၀လွန်ခြင်းဟာ ယနေ့ကမ္ဘာပေါ်မှာ လူ့အသက်အန္တရယ်ကို ခြိမ်းခြောက်လာတဲ့ ရောဂါသဖွယ်  အနေအထားတစ်ခုဖြစ်နေပါတယ်။ နည်းပညာများ တိုးတက်လာခြင်းနဲ့ ဇိမ်ခံပစ္စည်းအသုံးအဆောင်များ များပြားလာခြင်း ၊ လူနေမှု ပုံစံများ ပြောင်းလဲလာခြင်းကြောင့် အ၀လွန်ခြင်းဝေဒနာ ခံစားနေရတဲ့သူတွေ တဖြည်းဖြည်း များသထက်များလာပါတယ်။ အထူးသဖြင့်တော့ဗျာ.. ဒီအ၀လွန်ခြင်းက လူချမ်းသာတွေမှာ ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း လူတော်တော်များများခံစားနေရတဲ့  ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်ပါတယ်။
          ကောင်းပြီ၊ အ၀လွန်ခြင်းဆိုတာ ဘာလဲ .. ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ အ၀လွန်ခြင်းဆိုတာ အဓိကအားဖြင့်တော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ သာမန်ထက်ပိုပြီး အဆီတွေ လွန်ကဲနေခြင်းပဲပေါ့။ အ၀လွန်ခြင်း ဘာကြောင့်ဖြစ်တယ်ဆိုတာကို နောက်ထားဦး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်အခြေအနေကို အနည်းငယ် ပြောကြရအောင်…..ကျွန်တော်တို့ ခန္ဓာကိုယ်မှာ စားလိုက်တဲ့ အစာအာဟာရတွေကနေတဆင့် စွမ်းအင် (Energy) ရရှိပါတယ်။ အဲဒီစွမ်းအင်ကို နိစ္စဓူဝ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ၊ ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်မှုတွေအတွက် ပြန်လည်အသုံးချရပါတယ်။ တနည်းအားဖြင့် Energy output ပေါ့။ အဲဒီလို ကျွန်တော်တို့ စားလိုက်တဲ့  အာဟာရနဲ့ ပြန်လည် အသုံးချလိုက်မှုတွေက အရမ်းမကွာခြားနေဘူးဆိုရင် ဘာပြဿနာမှ ဖြစ်မလာနိုင်ပါဘူး။ အကယ်၍များ ကျွန်တော်တို့စားလိုက်တာက နည်းပြီး ပြန်လည် အသုံးချလိုက်တာက များနေမယ်ဆိုရင် ကျွန်တော်တို့ ဟာ တဖြည်းဖြည်းနဲ့ ပိန်လာမယ်။ စားလိုက်တာက များပြီး ပြန်လည်အသုံးချတာက နည်းနေမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ၀လာမယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့ အာဟာရဓါတ်တွေထဲက ပိုနေတဲ့  ဂလူးကို့စ်တွေကို အသဲ၊ ကြွက်သားနဲ့ အဆီတစ်ရှုးတွေမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်မှာ ဂလူးကို့စ်ဓါတ် နည်းနေတဲ့ အချိန်ကျရင် အဲဒီသိမ်းထားတဲ့ အရာတွေကို ပြန်လည် ထုတ်ပေးပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ အစာတွေအများကြီးစားမယ်( အထူးသဖြင့် အဆီတွေပေါ့နော်)၊ နောက်ပြီး ခန္ဓာကိုယ်ကလည်း လှုပ်လှုပ်ရှားရှားမလုပ်၊ စွမ်းအင်တွေကို ပြန်လည်အသုံးမပြုဘူးဆိုရင် တဖြည်းဖြည်းနဲ့ အဆီတွေစုလာမယ်။ ကြာလာတော့ သာမန်ရှိသင့်တာထက် ပိုပြီး ၀လာမှာပေါ့ဗျာ။ ဒါက သာမန် အကြမ်းဖျဉ်း ပြောပြတာပါ။ အများကြီးမစားပေမယ့်လည်း ၀နေတဲ့သူတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကို နောက်ပိုင်းမှာ ရှင်းပြပါ့မယ်။
          သင့်ကိုယ်သင် ဘယ်လိုအခြေအနေမှာ အ၀လွန်တယ်လို့  ယူဆမလဲ…။ ကိုယ်အလေးချိန်များနေတာ တစ်ခုထဲနဲ့ မိမိကိုယ်ကို ၀လွန်းနေပါတယ်လို့ လှေနံဓါးထစ်ပြောလို့ မရသေးပါဘူး။ ကိုယ်ခန္ဓာ အလေးချိန်ရယ် အရပ်အမောင်းရယ် အကုန်စုပေါင်းတွက်ချက်ရပါသေးတယ်။ အ၀လွန်ခြင်းကို တိုင်းတာမယ့်နည်းလမ်းတွေ ရှိနေပေမယ့် စံထားရမယ့် နည်းလမ်းတစ်ခုကတော့ BMI ပါ။ BMI ဆိုတာ Body Mass Index ရဲ့ အတိုကောက်ခေါ်ဝေါ်တဲ့စာလုံးဖြစ်ပါတယ်။ ယနေ့တိုင် လက်ခံသုံးစွဲနေတဲ့  နည်းလမ်းဖြစ်ပါတယ်။
BMI=weight/height2
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအလေးချိန်( ကီလိုဂရမ်)ကို မူတည်ပြီး အလေးချိန်( မီတာ) ၂ထပ်နဲ့ စားမယ်ဆိုရင် BMI အဖြေထွက်ပါတယ်။မီတာ ၂ထပ်ဆိုတာကတော့  ဥပမာ သင့်ရဲ့ အရပ်က ၂မီတာ ရှိရင် ၂ရဲ့ ၂ထပ်ဆိုတော့ ၄ ပေါ့ဗျာ။ ဒါကတော့ မသိတဲ့သူများအတွက်သာ မှားမှာစိုးလို့ တမင်ရှင်းပြပေးတာပါ။ မြန်မာတွေအနေနဲ့တော့ ကီလိုဂရမ်အစား အလေးချိန်ပေါင်ကိုပဲ အသုံးပြုကြပါတယ်။ အရပ်ကိုလည်း ပေ လက်မနဲ့ ပြောကြပါတယ်။ ဒါကြောင့်မို့ ယူနစ်ပြောင်းပြီး တွက်ချက်ချင်တယ်ဆိုရင်တော့ အောက်က နည်းအတိုင်းပြောင်းလဲနိုင်ပါတယ်။
တစ်ကီလိုဂရမ်= ၂.၂ပေါင်
တစ်မီတာ= ၃၉.၃၇ လက်မ
ထွက်ပေါ်လာတဲ့ အဖြေကို ကြည့်ပြီး မိမိကိုယ်ကို ပုံမှန် အလေးချိန်အတွင်းဝင်ရဲ့လား၊ ပိုမှန်အောက်လား ၊ ပုံမှန်အထက်လားဆိုတာကို သိနိုင်ပါတယ်။
၁၈.၅ အောက်= သာမန်အောက် ပိန်နေသည်။
၁၈.၅မှ ၂၄.၉အတွင်း= ရှိသင့်သော အလေးချိန်အတွင်းရှိသည်။
၂၅ မှ ၂၉.၉= အနည်းငယ် ၀နေသည်။
၃၀မှ ၄၀ အတွင်း= အ၀လွန်သောအဆင့်တွင်ရှိသည်။
၄၀အထက်= ဆိုးဆိုးဝါးဝါးကို ၀လွန်းနေပါသည်။
အထက်ပါအခြေအနေအရ ကျွန်တော်တို့ဟာ ဘယ်အတိုင်းအတာအတွင်း ရောက်နေတယ်ဆိုတာ တွက်ချက်လို့ရပါတယ်။ BMI ၃၀ အထက်ဆိုရင်တော့ သင်ဟာ အ၀လွန်ဝေဒနာ ခံစားနေရပြီဖြစ်ပါတယ်။
သာမန်အားဖြင့် အမျိုးသားတွေမှာ ခန္ဓာကိုယ်ရှိ အဆီပမာဏဟာ ပုံမှန်အားဖြင့် ၁၅ ကနေ ၂၀ ရာခိုင်နှုန်းကြားပြီး အမျိုးသမီးတွေမှာ ၂၅ ကနေ ၃၀ ရာခိုင်နှုန်းကြားရှိတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဆီ ဘယ်လောက်ရှိသလဲ ပျှမ်းမျှတွက်ချက်ကြည့်ရအောင်…..
body fat percentage = 1.2(BMI) + 0.23(age) - 10.8(sex) - 5.4
အဆီပမာဏကို တွက်မယ်ဆိုရင် အထက်ပါ Deurenberg equation အတိုင်း တွက်နိုင်ပါတယ်။ BMI နေရာမှာ သင့်ရဲ့ BMI ကို ထည့်ရပါမယ်၊ အသက်(age)နေရာမှာတော့ သင့်ရဲ့ယခုလက်ရှိရောက်နေတဲ့အသက်ပေါ့၊ sex နေရာမှာတော့ သင်ဟာ အမျိုးသားဖြစ်ရင် ၁ ကို အစားထိုးရမှာဖြစ်ပြီး အမျိုးသမီးဖြစ်ရင်တော့ ၀ (သုည)ကို အစားထိုးရမှာဖြစ်ပါတယ်။ ဒီညီမျှခြင်းက အပြည့်အ၀ မှန်တယ်လို့ တော့ ပြောမရပါဘူးတဲ့။ ဘာလို့ လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ကြွက်သားအလေးချိန်ပမာဏက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်တဲ့ အချက်တွေကြောင့် အနည်းငယ်တော့ လွဲကောင်းလွဲနိုင်တယ်လို့ဆိုပါတယ်။
ထွက်လာတဲ့အဖြေပေါ်မူတည်ပြီး သင်ဟာ အ၀လွန်နေခြင်း ရှိမရှိ ပြောလို့ ရနိုင်ပါတယ်။ အဖြေရလဒ်က အမျိုးသားများအတွက် ၂၅ ရာခိုင်နှုန်း အထက်ဆိုရင် အ၀လွန်နေပြီး အမျိုးသမီးများအတွက်ဆိုရင်တော့ ၃၃ရာခိုင်နှုန်းအထက်ဆိုရင် အ၀လွန်နေပါတယ်။ တနည်းအားဖြင့် အဆီတွေ ပိုနေပါတယ်ပေါ့ဗျာ။


(ဆက်ပါဦးမည်)
အောင်အောင်

01 January 2011

လေထုညစ်ညမ်းမှုနှင့် နှလုံးရောဂါများကြား ဆက်စပ်မှုရှိ

နှလုံးရောဂါဖြစ်ဖို့ အလားအလာရှိသူများအနေဖြင့် လေထုညစ်ညမ်းသည့် ပတ်ဝန်းကျင်ကို ရှောင်ရှားသင့်ကြောင်း အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်း( American Heart Association ,AHA)မှ အဆိုပြုပြောကြားထားပါသည်။ လေထုညစ်ညမ်းသည့်နေရာတွင် အနေများသူများအနေဖြင့် နှလုံးအလုပ်မလုပ်ခြင်း၊ လေသင်တုန်း  ဖြတ်ခြင်းနှင့်  အခြားသော နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွါးဖို့  အခွင့်အလမ်းများကြောင်း သိရှိရသည်။ AHA အဖွဲ့အစည်းက အတည်ပြုထား သည်မှာ လေထုထဲတွင်ရှိသော သေးငယ်သည့် အမှုန်လေးများ (PM2.5)သည်  နှလုံးရောဂါနှင့် သက်ဆိုင်နေသော အခြေခံအကျဆုံး အမှုန်လေးများပင်ဖြစ်ပါသည်။ PM2.5 ဆိုသည်မှာ particulate matter 2.5 ဖြစ်ပြီး ၂.၅ မိုက်ခရိုမီတာ  ထက်သေးငယ်သော အမှုန်လေးများကို ဆိုလိုခြင်းဖြစ်သည်။ (၁ မိုက်ခရိုမီတာ သည် ၁ စင်တီမီတာ၏ အပုံတသောင်းပုံ ပုံလျှင် တပုံခန့် သာ ရှိပါသည်။)
၎င်းလူကိုဒုက္ခပေးသည့် အမှုန်းလေးများသည် ခန္ဓာကိုယ်အတွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက် နိုင်သော်လည်း အဓိက၀င်ရောက်နိုင်သည့် နေရာမှာ အသက်ရှုလမ်းကြောင်းမှုတဆင့် ၀င်ရောက်ခြင်းပင် ဖြစ်သည်။
ထိုမှတဆင့် သွေးလည်ပတ်မှုအဖွဲ့အစည်းအတွင်းရောက်ရှိပြီး လူကို ဘေးဥပဒ်ဖြစ်စေပါသည်။ ထို့ အပြင်ထိုအမှုန်လေးများသည် အဆုတ်အား ဒုက္ခပေးပြီး အဆုတ်အတွင်းရှိ အာရုံကြောများကို ယောင်ယမ်းစေနိုင်ပါသည်။

  “ ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာတဲ့ လေထုထဲက အမှုန်တွေဟာ သွေးလှည့်ပတ်မှု အဖွဲ့အစည်းထဲ ရောက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးပါတော့တယ်၊ အဆုတ်အာရုံကြော အမျှင်တွေလည်း ပျက်စီးသလို လူ့ တကိုယ်လုံးက အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အမှုန်တွေဟာ သွေးကြောထဲမှာ ရောက်ရှိစုဝေးပြီး သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်းတို့  ဖြစ်ပေါ်စေကာ သွေးဖိအားကိုလည်း တက်စေပြီး နှလုံး၏ ပုံမှန်လုပ်ငန်းဆောင်တာကို ပျက်စီးစေပါတော့တယ်။ ဦးနှောက်အတွင်းရှိ သွေးကြောလေးများတွင် ပိတ်ဆို့ သွားပါက လေသင်တုန်းဖြတ်ခြင်းကိုပါ
ဖြစ်စေနိုင်ပြီး နောက်ဆုံးပိတ် အသက်သေဆုံးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်” ဟု မီရှီဂန် တက္ကသိုလ် ဆေးပညာဌာနမှ  ပရော်ဖက်စာ RobertD. Brookမှ ပြောကြားသွားပါသည်။
လူတို့ကို ဒုက္ခပေးသော ထိုPM2.5 အမှုန်လေးများထွက်ပေါ်ရာ ဇစ်မြစ်မှာ စက်ရုံများ၊ ကားအိတ်ဇောပိုက်များမှ ထွက်သော မီးခိုးများနှင့် မီးစက်များခုတ်မောင်းရာမှထွက်သော အခိုးအငွေ့များပင် ဖြစ်သည်။  ထို့အပြင် တောမီးများလောင်ကျွမ်းခြင်း၊ ဓါတုဇီဝပစ္စည်းများ လောင်ကျွမ်းခြင်း ကြောင့်လည်း အဆိုပါ အမှုန်လေးများ လေထုထဲတွင် ပျံ့နှံ့ နိုင်ပါသည်။
ထို့ကြောင့် နှလုံးနှင့်သွေးကြော ဆိုင်ရာ ရောဂါဖြစ်ဖို့ အလားအလာရှိသူများအနေဖြင့် ထိုကဲ့သို့သော PM2.5 အမှုန်လေးများ စုဝေးနိုင်သည့် လေထုညစ်ညမ်းသည့် နေရာများကို ရှောင်ရှားသင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
မှတ်ချက်။        ။Good health journal တွင် ဖော်ပြပြီး ဖြစ်ပါသည်။
အောင်အောင်
Ref: Journal of American Heart Association