စာဖတ်သူ သင့်အတွက် တစ်စုံတစ်ခု အကျိုးရှိသွားတယ်ဆိုရင် ရေးသားရကျိုးနပ်ပါပြီ။
dr.agaglay@gmail.com

22 December 2010

အစာအိမ်အနာ အဖြေရှာ

မေး။      ။အစာအိမ်အနာ ဘာကြောင့်ဖြစ်ရပါသလဲ။

ဖြေ။       ။ အစာအိမ်အနာ အဓိကဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဒုတိယအနေနဲ့တော့ စတီးရွိုက်မပါတဲ့ အယောင်ကျဆေးတွေရဲ့ သက်ရောက်မှုကြောင့်လည်း အစာအိမ်အနာ ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် Aspirin, Diclofenac, Ibufrofen, Indomethacin, Naproxen အစရှိတဲ့ ဆေးဝါးတွေပဲ ဖြစ်ပါတယ်။

မေး။      ။အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားအကြောင်းကို ပြောပြပေးပါ။

ဖြေ။       ။အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားကို Helicobacter pylori လို့ခေါ်ပါတယ်။ အတိုကောက်တော့ H pylori ပေါ့နော်။၁၉၈၀ ခုနှစ်ဝန်းကျင်မှာ ဒီပိုးကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဘက်တီးရီးယားဟာ လွန်းပုံသဏ္ဍာန်ရှိပြီး အစာအိမ်နဲ့ အစာအိမ်အောက်ဘက်ကပ်လျက် အူသိမ်ဦးအစပိုင်းမှာ အခြေကျနေထိုင်လေ့ရှိပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အစာအိမ်ထဲမှာ HCl ဆိုတဲ့ ဟိုက်ဒရိုကလိုရစ်အက်ဆစ်တစ်မျိုး ထွက်ပါတယ်။ အဲဒီအက်ဆစ်ဟာ အစာချေဖို့အတွက် တိုက်ရိုက် အသုံးမ၀င်ပေမယ့် pepsin လို့ခေါ်တဲ့ အစာချေအင်ဇိုင်းတစ်မျိုးထွက်ဖို့ အတွက် ကူညီပေးပါတယ်။ ဒါ့အပြင် စားလိုက်တဲ့ အစာထဲမှာပါတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်ပါတယ်။ အက်ဆစ်က ဘက်တီးရီးယားတွေကို သေစေနိုင်ပေမယ့် H pylori ကို ဘာဖြစ်လို့ မသေစေနိုင်တာလဲ ဆိုတာကို ပြောပြပါ့မယ်။ အစာအိမ်ရဲ့ အတွင်းဘက်မှာ အကျိအချွဲ အလွှာ (mucosa layer) ရှိပါတယ်။ အဲဒီအလွှာကနေ mucus ဆိုတဲ့ အက်ဆစ်ဒစ်ကို ခံနိုင်စွမ်းရှိတဲ့ အရည်တစ်မျိုးထုတ်ပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အစာအိမ်ထဲမှာ အက်ဆစ်ထွက်နေပေမယ့် အစာအိမ်ရဲ့ နံရံကို အက်ဆစ်က တိုက်စားမှု မပြုနိုင်တာဖြစ်ပါတယ်။ H pylori ဟာ အဲဒီ အလွှာကို တွင်းတူးသလို ထိုးဖောက်ဝင်ရောက်ပြိး အခြေကျနေထိုင်ပါတယ်။ နောက်ပြီး အဲဒီ H pylori က ထုတ်လိုက်တဲ urease ဆိုတဲ့ အင်ဇိုင်းတစ်မျိုးက အစာအိမ်ထဲမှာရှိတဲ့ urea ကို ammonia နဲ့ bicarbonate အဖြစ် ပြောင်းလဲပေးပါတယ်။ အဲဒီဓါတ်ပေါင်းတွေက ဘက်တီးရီးယားရဲ့ ဘေးပတ်လည်မှာ အကာအကွယ်သဘောအဖြစ် အက်ဆစ်ကို ဓါတ်ပြယ်စေတဲ့အတွက် အက်ဆစ်က ဘက်တီးရီးယားကို မသေစေနိုင်တော့ခြင်းဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ H pylori ဘက်တီးရီးယားက အစာအိမ်တ၀ိုက်မှာ ထိုးဖောက်နေထိုင်တယ်၊အင်ဇိုင်းတွေထုတ်ပြီး  mucosa layer ကိုလည်း ပျက်စီးစေတယ်။ဒီနည်းနဲ့ပဲ H pylori ဟာ လူကိုဒုက္ခလှလှပေးပါတော့တယ်။

ပုံ- အစာအိမ်အနာဖြစ်စေသော H pylori ဘက်တီးရီးယား

မေး။      ။အဲဒိ H pylori ဘက်တီးရီးယားက ဘယ်လိုနည်းနဲ့ ကူးစက်နိုင်ပါသလဲ။

ကမ္ဘာ့လူဦးရေတ၀က်လောက်နီးနီးရဲ့ အစာအိမ်နံရံမှာ H pylori ဘက်တီးရီးယား ဟာ ကိန်းအောင်း နေပါတယ်။ရောဂါ မခံစားရပေမယ့် ရောဂါပိုးသယ်ဆောင်သူအနေနဲ့ ရှိနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ လူနေမှုအဆင့်နိမ့်ကျတဲ့ ဒေသမျိုးတွေမှာ ကူးစက်လွယ်ပြီး ရောဂါပိုးရှိတဲ့ အန်ဖတ်တွေ မသန့် ရှင်းတဲ့ ရေနဲ့ အစားအစာတွေကနေ ကူးစက်နိုင်ပါတယ်။

မေး။      ။ အစာအိမ်အနာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေပါလဲ။

ဖြေ။       ။အစာအိမ်အနာရဲ့ အဓိက လက္ခဏာကတော့ ဗိုက်နာတာပဲ ဖြစ်ပါတယ်။ ၀မ်းဗိုက် ချက်ရဲ့ အထက် ရင်ညွန့်နေရာမှာ နာတတ်လေ့ရှိပါတယ်။ အစာအိမ်အနာမှာ ၂ မျိုးရှိပါတယ်။ အစာအိမ်မှာ အနာဖြစ်တဲ့ ( gastric ulcer) နဲ့ အစာအိမ်ရဲ့အောက်ဘက် အူသိမ်ဦးအစပိုင်းမှာ ဖြစ်တတ်တဲ့ (duodenal ulcer) တို့ပဲဖြစ်ပါတယ်။ လူနာရဲ့ ရောဂါရာဇ၀င်သိရုံနဲ့ ဘယ်နေရာမှာဖြစ်တာလဲဆိုတာကို ခွဲခြားလို့ မရနိုင်ပါဘူး။ ဗိုက်နာတာဟာ အစာနဲ့ ဆက်နွယ်နေမှုရှိပါတယ်။ အစာစားလိုက်မှ ဗိုက်နာတတ်သလို အစာမစားလို့ ဗိုက်ဆာနေချိန်မှာလည်း နာနေနိုင်ပါတယ်။ တခါတရံမှာ ညဘက်တွေမှာလည်း ဗိုက်နာလို့ မကြာခဏ လန့်နိုးတတ်ပါတယ်။ အစာအိမ်အနာသက်သာစေတဲ့ Digene၊ Gelmag အစရှိတဲ့  antacids ဆေးဝါးတွေသောက်လိုက်ရင် ဗိုက်နာတာ သက်သာသွားတတ်ပါတယ်။   တချို့လူနာတွေမှာတော့ ပျို့အန်တာတွေ၊ မစားချင်မသောက်ချင် ဖြစ်တာတွေ ခံစားရတတ်ပါတယ်။ တကယ်လို့များ ကော်ဖီရောင် အရည်တွေ အန်မယ်၊ ကတ္တရာစေးရောင် ၀မ်းမည်းမည်းတွေသွားမယ်ဆိုရင်တော့ အနာပေါက်ထွက်ခြင်း၊ သွေးယိုစီးခြင်း စတဲ့ အစာအိမ်အနာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဖြစ်နိုင်တဲ့အတွက် အရေးပေါ် ကုသဖို့လိုအပ်ပါတယ်။

မေး။      ။အစာအိမ်အနာရှိမရှိကို ဘယ်လိုသိနိုင်ပါသလဲ။

ဖြေ။       ။လူနာရဲ့ ရောဂါရာဇ၀င်တစ်ခုထဲသိရုံနဲ့ တော့ အစာအိမ်အနာပါလို့ အတိအကျပြောပြဖို့ ခက်ပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ တခြားစစ်ဆေးလို့ရမယ့် နည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါပေမယ့် အနည်းငယ်ရှုပ်ထွေးတဲ့အတွက် ချန်လှပ်ထားခဲ့ပါမယ်။

ပုံ-အစာအိမ်အနာအား မှန်ပြောင်းမှ မြင်ရပုံ

မေး။      ။အစာအိမ်အနာအတွက် ဘယ်လိုကုသနိုင်ပါသလဲ။

ဖြေ။       ။အစာအိမ်အနာဖြစ်စေတဲ့ ဆေးတွေကို တတ်နိုင်သမျှရှောင်ရပါမယ်။ H pylori ဘက်တီးရီးယားကို သုတ်သင်ဖို့အတွက်တော့ ပဋိဇီဝဆေးတွေ သောက်ဖို့လိုအပ်ပါတယ်။ ဆေးကုသမှု နည်းလမ်းကတော့ အမျိုးမျိုးရှိပါတယ်။

(၁) Omeprazole 20 mg တစ်နေ့ ၂ကြိမ် + Clarithromycin 500 mg တစ်နေ့ ၂ကြိမ် + Amoxicillin 1 g တစ်နေ့ ၂ကြိမ်

(၂) Omeprazole 20 mg တစ်နေ့ ၂ကြိမ် + Clarithromycin 500 mg တစ်နေ့ ၂ကြိမ် + Metronidazole 500 mg တစ်နေ့ ၂ကြိမ်

အထက်ပါ နည်းလမ်းတွေနဲ့ မထိရောက်ခဲ့ဘူးဆိုရင်တော့ အောက်ပါ နည်းလမ်းကို သုံးလေ့ရှိပါတယ်။

(၃) bismuth  တစ်နေ့ ၄ ကြိမ် + metronidazole 400 mg တစ်နေ့ သုံးကြိမ် + tetracycline 500 mg

တစ်နေ့လေးကြိမ် + Omeprazole 20 mg တစ်နေ့ ၂ကြိမ်

စုစုပေါင်း ၁၄ရက် ဆက်တိုက်သောက်ရပါမယ်။ အက်ဆစ်ထွက်တာကို လျော့နည်းစေတဲ့  omeprazole လိုဆေးမျိုးကိုတော့ ရက်သတ္တပတ် ၂ပတ်ထက်ကျော်ပြီး သောက်သုံးဖို့ လိုကောင်းလိုနိုင်ပါတယ်။ တကျောင်း တရွာ တဂါထာ တပုဒ်ဆန်းဆိုသလို ဆရာဝန်တစ်ဦးနဲ့ တစ်ဦးတော့ ဆေးပေးပုံ အကြိမ်အရေအတွက်ခြင်း ကွဲပြားနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အထက်ပါဆေးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ မသောက်သုံးပါနဲ့ လို့  အကြံပြုချင်ပါတယ်။

မေး။      ။အစာအိမ်အနာဖြစ်ရင် ရှောင်ကြည်ရမယ့်အချက်တွေရှိပါသလား။

ဖြေ။       ။ဟုတ်ကဲ့၊ အစာအိမ်အနာခံစားနေရတဲ့ လူနာတွေအနေနဲ့  ဆေးလိပ်၊ အရက်မသောက်ရပါဘူး။ ပိုးသတ်ဆေး သောက်နေတဲ့ ကာလမှာတောင် ဆေးလိပ်သောက်မယ်ဆိုရင် အနာကျက်နှုန်းကို နှေးကွေးစေ နိုင်ပါတယ်။ ဒါ့အပြင် ငရုတ်သီး အစပ်များလည်းရှောင်ကြဉ်ပါ။ စားတဲ့အစာထဲမှာ အဆီများတာနဲ့ အကြော်အလှော် အစားအစာများလည်း ရှောင်နိုင်ရင်ကောင်းပါတယ်။ ကော်ဖီ၊ ချောကလက်နဲ့ ကိုကာကိုလာလိုမျိုး gas ပါတဲ့ အရည်တွေကိုလည်း အတတ်နိုင်ဆုံး လျှော့သောက်စေချင်ပါတယ်။

မေး။      ။ ဘယ်လိုအစားအစာမျိုးက အစာအိမ်အနာအတွက် သင့်တော်ပါသလဲ။

ဖြေ။       ။ အမျှင်ဓါတ်များများပါတဲ့ ဟင်းသီးဟင်းနှံများများစားပေးပါ။ ဂေါ်ဖီဟာ အစာအိမ်အနာရှိသူ တွေအတွက်လည်း အလွန် သင့်လျော်တဲ့ သဘာဝ အစားအစာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့  နှစ်ပေါင်းများစွာ ကတည်းက ဂေါ်ဖီကြိတ်ရည်ကို အစာအိမ်အနာအတွက် အသုံပြုခဲ့ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ အစာအိမ်အနာ ခံစားနေရတဲ့ အကျဉ်းထောင်အချုပ်သားများကို ဂေါ်ဖီဖျော်ရည်နဲ့ ဖန်တီးထားတဲ့ capsule ဆေးဝါးများ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ရာမှာ ရောဂါရှိသူရဲ့ ၉၃ ရာခိုင်နှုန်းဟာ ရက်သတ္တပတ် သုံးပတ်အတွင်း အစာအိမ်အနာ သက်သာပျောက်ကင်းပြီး အနာကျက်မြန်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဂေါ်ဖီဖျော်ရည်ကို တစ်ရက်လျှင် လေးကြိမ်သောက်သုံးပေးခြင်းဟာ အစာအိမ်အနာကို ဆယ်ရက်အတွင်း ပျောက်ကင်း စေနိုင်တယ်လို့ အမေရိကန် တိုင်းရင်းဆေးပညာအဖွဲ့အစည်းရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ Kathi Keville က ဆိုထားပါသေးတယ်။ ဒါကြောင့် ဂေါ်ဖီထုပ်ဟာလည်း အစာအမ်အနာအတွက် သင့်လျော်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

မေး။      ။ အစာအိမ်အနာနဲ့ပတ်သတ်ပြီး တခြား လိုက်နာစရာ နည်းလမ်းများရှိပါသေးသလား။

ဖြေ။       ။အစာအိမ်အနာရှိနေသူတွေအတွက်တော့ တကြိမ်တည်းနဲ့ ဗိုက်တင်းနေအောင် မစားသင့်ပါဘူး။ ဥပမာ တခါစားရင် ပမာဏများများကို တစ်နေ့ သုံးကြိမ်စားမယ့်အစား နည်းနည်းချင်းနဲ့ တစ်နေ့ခြောက်ကြိမ်လောက်စားတာက ပိုသင့်တော်ပါတယ်။ နောက်ပြီး ဘာကိုပဲစားစား သေချာဖြေးဖြေးချင်း ကြေညက်အောင်ဝါးစားပါ။ စားပြီးတဲ့အခါမှာလည်း ခဏလေးဖြစ်ဖြစ် နားနားနေနေနေပါ။ ညအိပ်ဝင်ခါနီး ၃နာရီအတောအတွင်း ဗိုက်ပြည့်နေအောင် မစားသင့်ပါဘူး။ ပိုးသတ်ဆေးသောက်နေတယ်ဆိုရင်လည်း အချိန်မှန် စနစ်တကျ သတ်မှတ်ထားတဲ့ ရက်အထိ ဆေးပတ်လည်အောင် သောက်ပါ။ H pylori ဘက်တီးရီးယားဟာ အစာအိမ်ကင်ဆာကိုလည်း ဖြစ်စေနိုင်တဲ့ အတွက် ထိရောက်တဲ့ ကုသမှုကို စနစ်တကျ ခံယူကြပါလို့ ပြောကြားလိုပါတယ်။

-လေးစားစွာဖြင့်…

-အောင်အောင်(11Dec, 2010)

ကျမ်းကိုးစာရင်း။   ။

(၁) Davidson’s principle and practice of Medicine, 20th edition

(၂)Kumar and Clark’s Clinical Medicine, 7th edition