ကျွန်တော်တို့ရဲ့ လက်သည်း ခြေသည်းတွေကို Keratin ခေါ် ပရိုတင်းတမျိုးဖြင့် ဖွဲ့စည်းထားပါတယ်။
လက်သည်းခွံကို nail plate လို့ခေါ်ပြီး လက်သည်းခွံပတ်လည်တ၀ိုက် ဧရိယာကိုတော့ nail folds လို့ 
ခေါ်ဆိုပါတယ်။ လက်သည်းခွံအောက်ဘက်ရှိ သွေးကြောမျှင်လေးများကြောင့် ကျွန်တော်တို့ရဲ့
လက်သည်းများဟာ ပန်းရောင်သမ်းနေခြင်းဖြစ်ပါတယ်။ nail bed ဆိုတာကတော့ လက်သည်းခွံဖုံးထားတဲ့ 
အသားကို ခေါ်တာဖြစ်ပြီး လက်သည်းအောက်ခြေဘက်ရှိ အရေပြားနေရာသေးသေးလေးကို cuticle လို့ 
ခေါ်ဆိုကြပါတယ်။ လက်သည်းခွံ အောက်ခြေရှိ လခြမ်းပုံအဖြူနေရာလေးကိုတော့ lunula လို့ ခေါ်ပြီး အဲဒီ
လခြမ်းပုံလေးဟာဆိုရင် လက်မမှာ အကြီးဆုံးဖြစ်ပြီး လက်သန်းမှာများသောအားဖြင့် အဲဒီလခြမ်းပုံလေး
မရှိတတ်ကြပါဘူး။ လက်သည်းများဟာ တစ်လလျှင် ၂ မီလီမီတာမှ ၃ မီလီမီတာထိရှည်ထွက်နှုန်းရှိပြီး
ခြေသည်းများကတော့ တစ်လလျှင် ၁ မီလီမီတာခန့်  ရှည်ထွက်လာလေ့ရှိပါတယ်။ အသက်အရွယ်၊
ယောင်္ကျားမိန်းမ၊ ရာဦဥတုနဲ့အစာအာဟာရပေါ် မူတည်ပြီး လူတစ်ဦးနှင့် တစ်ဦး လက်သည်းခြေသည်း
ရှည်ထွက်နှုန်းမတူညီကြပါဘူး။ နွေရာသီကာလတွင် ရှည်ထွက်နှုန်းမြန်လေ့ရှိသလို မိမိအားသန်တဲ့လက်မှ
လက်သည်းများဟာ အခြားတဖက်ထက် ရှည်ထွက်နှုန်း ပိုမြန်လေ့ရှိပါတယ်။
ကျန်းမာတဲ့  လက်သည်းခြေသည်းများဟာ ကျွန်တော်တို့ ကျန်းမာရေးကောင်းမွန်နေခြင်းရဲ့ ပြယုဂ် တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သတိမမူမိပေမယ့် လက်သည်းတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေကို တစိတ်တပိုင်း ဖော်ပြနေတတ်ပါတယ်။ အမေရိကန် Florida ပြည်နယ် အရေပြားအထူးကု Dr.Tamara Lior က “မျက်လုံးဟာ စိတ်ရဲ့ပြတင်းပေါက်ဖြစ်သလို လက်သည်းများ ဟာလည်း ကျန်းမာရေးရဲ့ ပြတင်းပေါက်တစ်ခုဖြစ်တယ်”လို့ ပြောကြားဖူးပါတယ်။ ဒါကြောင့် လက်သည်းများဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေကို ဘယ်လိုဖော်ပြနေတယ်ဆိုတာကို သိထားသင့်လှပါတယ်။
၁။ လက်သည်းနှင့် အာဟာရချို့တဲ့ခြင်း
Omega 3 ၊ ပရိုတင်းနဲ့ သံဓါတ်တွေဟာ ဆိုရင် လက်သည်း၊ ဆံပင်နဲ့ အရေပြားရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနေပါတယ်။ သံဓါတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ (iron deficiency anaemia) မှာဆိုရင် လက်သည်းတွေဟာ ပါးလွှာနေပြီး လက်သည်းတွေရဲ့ အလယ်ဟာ အစွန်း ၂ဖက်ထက်ချိုင့်နေပြီး ဇွန်းပုံသဏ္ဍန် ဖြစ်နေတတ်ပါတယ်။ ဆေးပညာအခေါ်အဝေါ်အရ koilonychia လို့ခေါ်ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ၊ အာဟာရဓါတ်မျှတအောင် မစားသုံးသူများတွင် အထက်ပါ သံဓါတ်ချို့တဲ့တဲ့ သွေးအားနည်း ရောဂါ ကို တွေ့ရှိရတတ်ပါတယ်.။ ၎င်းရောဂါ မဖြစ်ပွါးစေဖို့အတွက် သံဓါတ်ကြွယ်ဝသော အသားအမျိုးမျိုး၊ ကြက်ဥ အနှစ်၊ ဟင်းနုနွယ်၊ ပဲနီလေး၊ စပျစ်သီးခြောက် အစရှိတာတွေကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ လိုပါတယ်။ ဗီတာမင် စီ ဟာလည်း ခန္ဓာကိုယ်တွင် သံဓါတ်စုပ်ယူနိုင်မှုကို အားပေးတဲ့အတွက် အချဉ်ဓါတ်ပါဝင်သော အသီးအနှံများကိုပါ တပါတည်း တွဲဖက်စားသုံးသင့်ပါတယ်။
၂။လက်သည်းကိုက်ခြင်း
လက်သည်းကိုက်လေ့ရှိခြင်း၊ လက်မကို စုပ်လေ့ရှိခြင်း စတာတွေဟာဆိုရင် စိတ်ပျံ့လွင့်သူတွေ၊
စိတ်ဂဏှာမငြိမ်တဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေရဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရှိ ကလေးများနဲ့ ဆယ်ကျော်သက်များလူဦးရေရဲ့ တ၀က်လောက်ဟာလည်း လက်သည်းကိုက်တဲ့အကျင့်
ရှိတတ်ကြတယ်လို့ ဆိုပါတယ်။ လက်သည်းကိုက်ခြင်းကြောင့် လက်သည်းများ လုံးဝဥဿုံ ပျက်စီး
ယိုယွင်းခြင်းတော့ မဖြစ်တတ်ပေမယ့် လက်သည်းများ မလှမပ ဖြစ်တတ်ခြင်း နဲ့ လက်သည်းနဲ့ ပါးစပ်တွေမှာ
ရောဂါပိုးတွေကူးစက်ဝင်လာစေနိုင်ပါတယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ အင်မတန် ဖျောက်ရ
ခက်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ လက်သည်းကိုက်တတ်တဲ့အကျင့်ဟာ အလို
အလျောက် ပျောက်သွားတတ်ကြပါတယ်။ လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဖျောက်ဖို့အတွက် စိုးရိမ်
ပူပန်တတ်တဲ့ အကျင့်မရှိအောင် သတိနဲ့ နေထိုင်ပါ။ လက်သည်းကို မကိုက်မိစေဖို့အတွက် အရသာခါးတဲ့ 
အရောင်တင်ဆေး(nail polish) များလည်း သုံးနိုင်ပါတယ်။ အကယ်၍များ လက်သည်း ကိုက်ခြင်းအပြင်
မိမိဆံပင်ကို မိမိဘာသာ ဆွဲစုတ်လေ့ရှိခြင်း၊ မိမိကိုယ်ကို နာကျင်အောင်လုပ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ
လက္ခဏာတွေပါ ပူးတွဲရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၃။တင်းပုတ်ပုံ လက်သည်း(Clubbing)
ဘယ်ညာလက်၂ချောင်းရဲ့ လက်သည်း ၂ခု(ဥပမာ- ဘယ်ဘက်လက်ခလယ်နဲ့ ညာဘက်လက်ခလယ်)ကို
ဇောက်ထိုးထား၍ မျက်နှာချင်းဆိုင်ပူးကြည့်ပါက လက်သည်း၂ခုကြားတွင် ဆနွင်းမကင်းပုံစံ ဟနေတဲ့
နေရာလွတ်လေးကို တွေ့ရမှာ ဖြစ်ပါတယ်။ Clubbing ဖြစ်နေတဲ လက်မှာဆိုရင် အဲဒီ
ထောင့်ပုံစံပျောက်နေပါတယ်။ နောက်ပြီး nail folds များကလည်း ခုံးနေပြီး လက်ချောင်း
အဖျားပိုင်းများကလည်း ထူပြီးတုတ်နေပါတယ်။ nail clubbing လို့ခေါ်တဲ့ လက်သည်းများ
တင်းပုတ်ပုံဖြစ်ရတဲ့ အကြောင်းရင်း အများကြီးရှိပါတယ်။ အဆုတ်ကင်ဆာ၊ အဆုတ်ပြည်တည်နာ၊
အဆုတ်ပြွန်များ ကျယ်ခြင်း စတဲ့ အဆုတ်ရောဂါရှိသူတွေမှာ တင်းပုတ်ပုံစံ လက်သည်းကိုတွေ့ရလေ့ရှိပါတယ်၊
ဒါ့အပြင် တချို့သော နှလုံးရောဂါနဲ့ အသည်းရောဂါ ရှိသူတွေမှာလည်း တွေ့နိုင်ပါသေးတယ်။
တင်းပုတ်ပုံလက်သည်းကို ဂရိသမားတော်ကြီး Hippocrates က တွေ့ရှိခဲ့တဲ့အတွက် Hippocratic fingers
လို့လည်း ခေါ်ဆိုကြပါတယ်။
၎။အ၀ါရောင်လက်သည်းရောဂါစု ( Yellow nail syndrome )
အ၀ါရောင်လက်သည်းရောဂါစုမှာ ဆိုရင် လက်သည်းများဟာ အ၀ါရောင် သို့မဟုတ် အစိမ်းရောင်
သန်းနေတတ်ပါတယ်။ လက်သည်းများ ရှည်ထွက်မှုဟာလည်း သိသိသာသာနှောင့်နှေးနေတတ်ပြီး
လက်သည်းများဟာလည်း အရမ်းထူနေတတ်ပါတယ်။ ဒီရောဂါဟာဆိုရင် အဆုတ်ရေဖုံးခြင်းနဲ့
ပြန်ရေကြောများပိတ်ခြင်းကြောင့် ခြေလက်ယောင်ယမ်းခြင်း စတဲ့ ရောဂါတွေနဲ့ ဆပ်စပ် နေလေ့
ရှိပါတယ်။
၅။ အဖြူရောင် လက်သည်းများ
လက်သည်းမျက်နှာပြင်တွင် အဖြူစက်များ၊ အဖြူရောင်အမျှင်တန်းများ ဖြစ်ပေါ်နေ တတ်ပါတယ်။
leukonychia လို့ခေါ်ဆိုပါတယ်။ ဒီလိုလက်သည်းမှာ အဖြူရောင်များဖြစ်ပေါ်နေခြင်းကို
အသက်ရွယ်ကြီးတဲ့သူတွေမှာတွေ့နိုင်သလို လက်သည်းထိခိုက်မိခြင်း၊ ပရိုတင်းဓါတ်ချို့တဲ့ခြင်း၊
အသည်းရောဂါရှိခြင်း စတဲ့ရောဂါတွေမှာလည်း လက်သည်းဟာ အဖြူရောင်ခပ်နောက်နောက်
သမ်းနေတတ်ပါတယ်။
၆။လက်သည်းခြေသည်းတွင် ရောဂါပိုးဝင်ခြင်း
လက်သည်းများဟာလည်း ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းများကဲ့သို့ ရောဂါပိုးဝင်တတ်ပါတယ်။
လက်သည်းခြေသည်းများမှာဆိုရင်ဖြင့် မှိုကြောင့်ဖြစ်သော ရောဂါများဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။
အဲဒီလို ရောဂါပိုးဝင်ပြီဆိုရင် လက်သည်းခြေသည်းများဟာမာထူနေတတ်ပြီး အရောင်ဟာလည်း
အပြာရောင်၊ အစိမ်းပုပ်ရောင် ဖြစ်နေတတ်ပါတယ်။ အလားတူပဲ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများ
ကလည်း လက်သည်းကို အကျည်းတန်စေတတ်ပါတယ်။ ဘက်တီးရီးယားတွေရဲ့ အဓိက
တိုက်ခိုက်တဲ့နေရာကတော့ လက်သည်းခြေသည်းပတ်ပတ်လည်ရှိ အရေပြားကို ဖြစ်ပါတယ်။
မကုသဘဲထားမည်ဆိုပါက လက်သည်းခြေသည်းများ ကျွတ်ထွတ်လေ့ရှိပါတယ်။ မသန့်ရှင်းတဲ့ 
ခြေအိတ်တွေ၊ လက်သည်းညှပ်အစရှိတာတွေကနေတဆင့် ရောဂါပိုးကူးစက် နိုင်တဲ့အတွက်
ခြေအိတ်များကို သန့်ရှင်းစွာဝတ်ဆင်ခြင်း၊ လက်သည်းညှပ်များကို သန့်သန့်ရှင်းရှင်း အသုံးပြု
ခြင်းဖြင့် လက်သည်းခြေသည်းများအတွင်း ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
၇။ လက်သည်းပေါ်တွင် ကန့်လန့်ဖြတ် မျဉ်းကြောင်းဖြစ်နေခြင်း
အထက်ပါမျဉ်းကြောင်းလေးပေါ်နေခြင်းကို Beau's lines လို့ခေါ်ပါတယ်။ လက်သည်းရဲ့ အလယ်မှာ
ချိုင့်နေတဲ့ ကန့်လန့်ဖြတ် မျဉ်းကြောင်းလေးလိုဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။ လက်သည်း cuticle
နေရာတွင် ထိခိုက်မိပါက အဲဒီမျဉ်းကြောင်းလေးပေါ်နေနိုင်သလို ထိန်းချုပ်ရခက်သော ဆီးချိုရောဂါ
ရှိသူများ ၊ ဆိုးဆိုးဝါးဝါးဖျားနာနေသော လူနာများ၊ ကင်ဆာဆေးသောက်သုံးနေသော လူနာများနှင့်
အာဟာရဓါတ်ချို့တဲ့တဲ့ လူများမှာ Beau's lines ကိုတွေ့ရတတ်ပါတယ်။
အထက်ပါ ရောဂါတွေအပြင် လက်သည်းများက ဖော်ပြပေးနေတဲ့ ရောဂါတွေအများကြီးရှိပါတယ်။
Lupus ၊ Psoriasis အစရှိတဲ့ ရောဂါတွေမှာလည်း လက်သည်းများဟာ ချိုင့်နေခြင်း၊ ကွဲနေခြင်း
စတာတွေဖြစ်နိုင်ပါတယ်။ တချို့သော နှလုံးရောဂါရှိသူတွေမှာ လက်သည်းရဲ့ nail bed ဟာ
နီနေနိုင်သလို သွေးအားနည်းရောဂါရှိသူတွေမှာလက်သည်းဟာ အရောင်ဖျော့နေတတ်ပါတယ်။
အရေပြားကင်ဆာရှိသူတွေမှာလည်း လက်သည်းအောက်ခြေတွင် အနက်ရောင်လိုင်းလေးများ
ဖြစ်ပေါ်နေလေ့ရှိပါတယ်။ ဒါကြောင့် လက်သည်းများဟာ ကျန်းမာရေးအခြေအနေကို တစိတ်တဒေသ
ဖော်ပြနေတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်သည်း
ခြေသည်းများရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဒါမှသာ လက်သည်းခြေသည်းများ
အတွင်း ရောဂါပိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်မှာပါ။ လက်သည်းခြေသည်းများရဲ့ ကျန်းမာရေး
အတွက် အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါတယ်။
၁။ လက်သည်းခြေသည်းများကို သန့်သန့်ရှင်းရှင်း ခြောက်သွေ့အောင်ထားပါ။
၂။ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိလျှင် ဖျောက်ပစ်ပါ။
၃။ လက်သည်းအောက်ခြေဘက် cuticle နေရာကို လှီးမဖြတ်ပါနှင့်။
၎။ လက်သည်းခွံနှင့် nail bed ကြားနေရာကနေ ရောဂါပိုးဝင်လာနိုင်တဲ့အတွက် အဲဒီကြားနေရာကို
အချွန်အတက်များဖြင့် အလွန်အကျွံ ထိုးဆွသန့်ရှင်းခြင်းမလုပ်ပါနှင့်။
၅။ တတ်နိုင်ပါက လက်သည်းညှပ်များကို သီးသန့်အသုံးပြုပါ။
၆။ ပရိုတင်းနှင့် ဘိုင်အိုတင် (biotin) ကြွယ်ဝသော ကြက်ဥ အသားနှင့် အသဲများ စားပေးပါ။
ဘိုင်အိုတင်ဟာ vitamin B7 ဖြစ်ပြီး လက်သည်းနှင့် ဆံပင်များ၏ ကျန်းမာသန်စွမ်းရေးအတွက်
အထောက်အကူပြုပါတယ်။
၇။ acetone နှင့် formaldehyde ပါဝင်သော လက်သည်းဖျက်ဆေးများကို အတတ်နိုင်ဆုံး
အသုံးမပြုပါနှင့်။ ၈။ လက်သည်းခြေသည်းများ အရောင်ပြောင်းလဲခြင်းရှိမရှိကိုလည်း စစ်ဆေးပေးပါ။
အထက်ပါအတိုင်း လက်သည်းခြေသည်းများကို ဂရုတစိုက်စစ်ဆေးပေးခြင်းဖြင့် မိမိတို့ရဲ့
ကျန်းမာရေးကို အထောက်အကူပြုနိုင်စေဖို့ အကြံပြုရေးသားလိုက်ရပါတယ်။
လေးစားစွာဖြင့်…
ဒေါက်တာ အောင်အောင်