ပတ်ဝန်းကျင်တွင် အသံများဆူညံခြင်းကြောင့် နှလုံးရောဂါဖြစ်ပွါးဖို့ အလားအလာများသည်ဟု အမေရိကန်
“အလုပ်အကိုင်နှင့် ပတ်ဝန်းကျင် ဆေးပညာဂျာနယ်” မှ ပြောကြားထားပါတယ်။ ဆူညံသော ပတ်ဝန်းကျင်တွင်
နေ့စဉ်ရက်ဆက် အလုပ်လုပ်သူများအနေဖြင့် ရင်ဘတ်အောင့်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊
သွေးပေါင်တက်ခြင်း စသည့် နှလုံးနှင့်ဆိုင်သော ရောဂါများဖြစ်ပွါးဖို့ အခွင့်အရေးပိုများပါတယ်။
ဆူညံသောပတ်ဝန်းကျင်တွင် အသက်မွေးဝမ်းကျောင်းသူများဟာ တိတ်ဆိတ်သောပတ်ဝန်းကျင်တွင်
အသက်မွေးဝမ်းကျောင်းပြုသူများထက် နှစ်ဆမှ သုံးဆအထိ နှလုံးရောဂါများ ဖြစ်ပွါးနိုင်ပါတယ်လို့ ဗြိတိန်
ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီတို့ က အဆိုပြုထားပါတယ်။ ထိုအဆိုပြုချက်ဟာ အလုပ်သမားပေါင်း
၆၀၀၀ ကျော်ကို အခြေခံလေ့လာထားခြင်းဖြစ်ပါတယ်။ ထိုလူဦးရေတွင် ဆူညံသော ပတ်ဝန်းကျင်တွင်
အလုပ်လုပ်သူများ၏ ၃.၆ ရာခိုင်နှုန်းမှာ နှလုံးရောဂါ ခံစားရမှုများရှိသော်လည်း ဆိတ်ငြိမ်သော
ပတ်ဝန်းကျင်တွင် အလုပ်လုပ်သူများတွင်မူ ၂.၄ ရာခိုင်နှုန်းသာ နှလုံးရောဂါ ခံစားရမှုများရှိနေပါတယ်။
ဆူညံတဲ့ ပတ်ဝန်းကျင်ဟာ လူတွေကို စိတ်ဖိစီးမှုများစေပြီး ခန္ဓာကိုယ်တွင် cortisol နှင့် adrenaline
ကဲ့သို့သော ဟော်မုန်းများကို ထွက်စေပါတယ်။ ဒီဟော်မုန်းတွေက သွေးလွှတ်ကြောများကိုကျဉ်းစေပြိး နှလုံးကို
သွေးထောက်ပံ့မှုနည်းစေပါတယ်လို့ ကျွမ်းကျင်သုတေသီတစ်ဦးဖြစ်သူ Wenqi Gan က ဆိုထားပါတယ်။
ပတ်ဝန်းကျင် ဆူညံစေကြောင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် အခက်အခဲရှိခြင်း၊ အိပ်စက်မှုကို
အနှောင့်အယှက်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်၏ အစာခြေမှုစနစ်ကို ကမောက်ကမဖြစ်စေခြင်း၊ စိတ်အလိုမကျ
ဖြစ်ခြင်းနှင့် တခြားသော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်တွင်
အလွန်အမင်းဆူညံခြင်းနှင့် အနားယူချိန်တွင် တေးဂီတသီချင်းများ ကျယ်လောင်စွာ နားထောင်ခြင်း
တို့ကြောင့်လည်း အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။
မြို့ပြဆူညံမှုလူနေစနစ်နဲ့  ရှောင်လွှဲမရသောလုပ်ငန်းခွင်အတွင်းလဆူညံမှုပြဿနာများကို ဖြေရှင်းဖို့အတွက်
ear plugs ခေါ် နားအဆို့ရှင် များကို အသုံးပြုသင့်ပါတယ်လို့ အမေရိကန်ရှိ ဘာသာစကားနှင့်
အကြားအာရုံပညာရှင်များ အဖွဲ့ အစည်းကလည်း အကြံပြုထားပါတယ်။