စာဖတ်သူ သင့်အတွက် တစ်စုံတစ်ခု အကျိုးရှိသွားတယ်ဆိုရင် ရေးသားရကျိုးနပ်ပါပြီ။
dr.agaglay@gmail.com

07 January 2011

အ၀လွန်ခြင်း ပြဿနာ(၁)

         
           အ၀လွန်ခြင်းဟာ ယနေ့ကမ္ဘာပေါ်မှာ လူ့အသက်အန္တရယ်ကို ခြိမ်းခြောက်လာတဲ့ ရောဂါသဖွယ်  အနေအထားတစ်ခုဖြစ်နေပါတယ်။ နည်းပညာများ တိုးတက်လာခြင်းနဲ့ ဇိမ်ခံပစ္စည်းအသုံးအဆောင်များ များပြားလာခြင်း ၊ လူနေမှု ပုံစံများ ပြောင်းလဲလာခြင်းကြောင့် အ၀လွန်ခြင်းဝေဒနာ ခံစားနေရတဲ့သူတွေ တဖြည်းဖြည်း များသထက်များလာပါတယ်။ အထူးသဖြင့်တော့ဗျာ.. ဒီအ၀လွန်ခြင်းက လူချမ်းသာတွေမှာ ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း လူတော်တော်များများခံစားနေရတဲ့  ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်ပါတယ်။
          ကောင်းပြီ၊ အ၀လွန်ခြင်းဆိုတာ ဘာလဲ .. ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ အ၀လွန်ခြင်းဆိုတာ အဓိကအားဖြင့်တော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ သာမန်ထက်ပိုပြီး အဆီတွေ လွန်ကဲနေခြင်းပဲပေါ့။ အ၀လွန်ခြင်း ဘာကြောင့်ဖြစ်တယ်ဆိုတာကို နောက်ထားဦး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်အခြေအနေကို အနည်းငယ် ပြောကြရအောင်…..ကျွန်တော်တို့ ခန္ဓာကိုယ်မှာ စားလိုက်တဲ့ အစာအာဟာရတွေကနေတဆင့် စွမ်းအင် (Energy) ရရှိပါတယ်။ အဲဒီစွမ်းအင်ကို နိစ္စဓူဝ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ၊ ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်မှုတွေအတွက် ပြန်လည်အသုံးချရပါတယ်။ တနည်းအားဖြင့် Energy output ပေါ့။ အဲဒီလို ကျွန်တော်တို့ စားလိုက်တဲ့  အာဟာရနဲ့ ပြန်လည် အသုံးချလိုက်မှုတွေက အရမ်းမကွာခြားနေဘူးဆိုရင် ဘာပြဿနာမှ ဖြစ်မလာနိုင်ပါဘူး။ အကယ်၍များ ကျွန်တော်တို့စားလိုက်တာက နည်းပြီး ပြန်လည် အသုံးချလိုက်တာက များနေမယ်ဆိုရင် ကျွန်တော်တို့ ဟာ တဖြည်းဖြည်းနဲ့ ပိန်လာမယ်။ စားလိုက်တာက များပြီး ပြန်လည်အသုံးချတာက နည်းနေမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ၀လာမယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့ အာဟာရဓါတ်တွေထဲက ပိုနေတဲ့  ဂလူးကို့စ်တွေကို အသဲ၊ ကြွက်သားနဲ့ အဆီတစ်ရှုးတွေမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်မှာ ဂလူးကို့စ်ဓါတ် နည်းနေတဲ့ အချိန်ကျရင် အဲဒီသိမ်းထားတဲ့ အရာတွေကို ပြန်လည် ထုတ်ပေးပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ အစာတွေအများကြီးစားမယ်( အထူးသဖြင့် အဆီတွေပေါ့နော်)၊ နောက်ပြီး ခန္ဓာကိုယ်ကလည်း လှုပ်လှုပ်ရှားရှားမလုပ်၊ စွမ်းအင်တွေကို ပြန်လည်အသုံးမပြုဘူးဆိုရင် တဖြည်းဖြည်းနဲ့ အဆီတွေစုလာမယ်။ ကြာလာတော့ သာမန်ရှိသင့်တာထက် ပိုပြီး ၀လာမှာပေါ့ဗျာ။ ဒါက သာမန် အကြမ်းဖျဉ်း ပြောပြတာပါ။ အများကြီးမစားပေမယ့်လည်း ၀နေတဲ့သူတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကို နောက်ပိုင်းမှာ ရှင်းပြပါ့မယ်။
          သင့်ကိုယ်သင် ဘယ်လိုအခြေအနေမှာ အ၀လွန်တယ်လို့  ယူဆမလဲ…။ ကိုယ်အလေးချိန်များနေတာ တစ်ခုထဲနဲ့ မိမိကိုယ်ကို ၀လွန်းနေပါတယ်လို့ လှေနံဓါးထစ်ပြောလို့ မရသေးပါဘူး။ ကိုယ်ခန္ဓာ အလေးချိန်ရယ် အရပ်အမောင်းရယ် အကုန်စုပေါင်းတွက်ချက်ရပါသေးတယ်။ အ၀လွန်ခြင်းကို တိုင်းတာမယ့်နည်းလမ်းတွေ ရှိနေပေမယ့် စံထားရမယ့် နည်းလမ်းတစ်ခုကတော့ BMI ပါ။ BMI ဆိုတာ Body Mass Index ရဲ့ အတိုကောက်ခေါ်ဝေါ်တဲ့စာလုံးဖြစ်ပါတယ်။ ယနေ့တိုင် လက်ခံသုံးစွဲနေတဲ့  နည်းလမ်းဖြစ်ပါတယ်။
BMI=weight/height2
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအလေးချိန်( ကီလိုဂရမ်)ကို မူတည်ပြီး အလေးချိန်( မီတာ) ၂ထပ်နဲ့ စားမယ်ဆိုရင် BMI အဖြေထွက်ပါတယ်။မီတာ ၂ထပ်ဆိုတာကတော့  ဥပမာ သင့်ရဲ့ အရပ်က ၂မီတာ ရှိရင် ၂ရဲ့ ၂ထပ်ဆိုတော့ ၄ ပေါ့ဗျာ။ ဒါကတော့ မသိတဲ့သူများအတွက်သာ မှားမှာစိုးလို့ တမင်ရှင်းပြပေးတာပါ။ မြန်မာတွေအနေနဲ့တော့ ကီလိုဂရမ်အစား အလေးချိန်ပေါင်ကိုပဲ အသုံးပြုကြပါတယ်။ အရပ်ကိုလည်း ပေ လက်မနဲ့ ပြောကြပါတယ်။ ဒါကြောင့်မို့ ယူနစ်ပြောင်းပြီး တွက်ချက်ချင်တယ်ဆိုရင်တော့ အောက်က နည်းအတိုင်းပြောင်းလဲနိုင်ပါတယ်။
တစ်ကီလိုဂရမ်= ၂.၂ပေါင်
တစ်မီတာ= ၃၉.၃၇ လက်မ
ထွက်ပေါ်လာတဲ့ အဖြေကို ကြည့်ပြီး မိမိကိုယ်ကို ပုံမှန် အလေးချိန်အတွင်းဝင်ရဲ့လား၊ ပိုမှန်အောက်လား ၊ ပုံမှန်အထက်လားဆိုတာကို သိနိုင်ပါတယ်။
၁၈.၅ အောက်= သာမန်အောက် ပိန်နေသည်။
၁၈.၅မှ ၂၄.၉အတွင်း= ရှိသင့်သော အလေးချိန်အတွင်းရှိသည်။
၂၅ မှ ၂၉.၉= အနည်းငယ် ၀နေသည်။
၃၀မှ ၄၀ အတွင်း= အ၀လွန်သောအဆင့်တွင်ရှိသည်။
၄၀အထက်= ဆိုးဆိုးဝါးဝါးကို ၀လွန်းနေပါသည်။
အထက်ပါအခြေအနေအရ ကျွန်တော်တို့ဟာ ဘယ်အတိုင်းအတာအတွင်း ရောက်နေတယ်ဆိုတာ တွက်ချက်လို့ရပါတယ်။ BMI ၃၀ အထက်ဆိုရင်တော့ သင်ဟာ အ၀လွန်ဝေဒနာ ခံစားနေရပြီဖြစ်ပါတယ်။
သာမန်အားဖြင့် အမျိုးသားတွေမှာ ခန္ဓာကိုယ်ရှိ အဆီပမာဏဟာ ပုံမှန်အားဖြင့် ၁၅ ကနေ ၂၀ ရာခိုင်နှုန်းကြားပြီး အမျိုးသမီးတွေမှာ ၂၅ ကနေ ၃၀ ရာခိုင်နှုန်းကြားရှိတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဆီ ဘယ်လောက်ရှိသလဲ ပျှမ်းမျှတွက်ချက်ကြည့်ရအောင်…..
body fat percentage = 1.2(BMI) + 0.23(age) - 10.8(sex) - 5.4
အဆီပမာဏကို တွက်မယ်ဆိုရင် အထက်ပါ Deurenberg equation အတိုင်း တွက်နိုင်ပါတယ်။ BMI နေရာမှာ သင့်ရဲ့ BMI ကို ထည့်ရပါမယ်၊ အသက်(age)နေရာမှာတော့ သင့်ရဲ့ယခုလက်ရှိရောက်နေတဲ့အသက်ပေါ့၊ sex နေရာမှာတော့ သင်ဟာ အမျိုးသားဖြစ်ရင် ၁ ကို အစားထိုးရမှာဖြစ်ပြီး အမျိုးသမီးဖြစ်ရင်တော့ ၀ (သုည)ကို အစားထိုးရမှာဖြစ်ပါတယ်။ ဒီညီမျှခြင်းက အပြည့်အ၀ မှန်တယ်လို့ တော့ ပြောမရပါဘူးတဲ့။ ဘာလို့ လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ကြွက်သားအလေးချိန်ပမာဏက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်တဲ့ အချက်တွေကြောင့် အနည်းငယ်တော့ လွဲကောင်းလွဲနိုင်တယ်လို့ဆိုပါတယ်။
ထွက်လာတဲ့အဖြေပေါ်မူတည်ပြီး သင်ဟာ အ၀လွန်နေခြင်း ရှိမရှိ ပြောလို့ ရနိုင်ပါတယ်။ အဖြေရလဒ်က အမျိုးသားများအတွက် ၂၅ ရာခိုင်နှုန်း အထက်ဆိုရင် အ၀လွန်နေပြီး အမျိုးသမီးများအတွက်ဆိုရင်တော့ ၃၃ရာခိုင်နှုန်းအထက်ဆိုရင် အ၀လွန်နေပါတယ်။ တနည်းအားဖြင့် အဆီတွေ ပိုနေပါတယ်ပေါ့ဗျာ။


(ဆက်ပါဦးမည်)
အောင်အောင်